နေပြည်တော်ဩဂုတ် ၁၆

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က အဂတိလိုက်စားမှုဆိုင်ရာ အသိပညာနှင့် တားဆီး ကာကွယ်ရေးလုပ်ငန်းသည် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအား ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည့် အတွက် အဂတိတရားများကင်းရှင်းစေရန် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများကို အဂတိလိုက်စားမှုကင်းစင်စေမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုမြင့်မားလာစေမည်ဖြစ်ကြောင်း၊  အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီး တွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေမည်ဖြစ်သောကြောင့် ဝန်ထမ်းများ အနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း။

 

ဝန်ထမ်းများသည် အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ ဖြောင့်မတ်တည်ကြည် မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ၊ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း။ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း များအနေဖြင့် ယနေ့ ဆွေးနွေးပွဲမှရရှိသည့် အသိအမြင်ဗဟုသုတများဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အဂတိတရားကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဉပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စား မှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍ များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများကလူကိုယ်တိုင်နှင့် Online တို့ဖြင့် တက်ရောက်ကြသည်။

(သတင်းစဉ်)