ရန်ကုန် ဩဂုတ် ၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာန သို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့်ရင်း ရင်းနှီးနှီးတွေ့ဆုံ၍ အင်္ဂလိပ်စာနှင့် AI နည်းပညာရပ်များကို နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ်အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်း အားပေးစကားပြောကြားပြီး အဆောင်နေ ကျောင်းသားကျောင်းသူများ နေထိုင်စား သောက်ရေးကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် သင်္ချာဌာနနှင့် ဓာတုဗေဒဌာနသို့ရောက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်နှင့် အင်တာနက်ကို ထိရောက် စွာအသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အထောက်အ ကူပြုသည့်ပရောဂျက်များကို စနစ်တကျ လုပ်ဆောင်ကာရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ကြိုးစားကြစေလိုကြောင်းတိုက်တွန်း ပြောကြားသည်။

 

ယင်းနောက်  ဒဂုံတက္ကသိုလ်ရှိ စားသောက်ဆိုင်တန်းကိုလှည့်လည် ကြည့်ရှုပြီး အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ကျောင်းသားကျောင်းသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးနှင့် စားသောက်ဆိုင်တန်းများ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အဆင့်မီရေးဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒဂုံတက္ကသိုလ် ပရဝုဏ်အတွင်း သန့်ရှင်းသာယာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး  ဘွဲ့နှင်းသဘင်ခန်းမရှိ အစည်းအဝေးခန်းတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများအား စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နည်းလမ်းများဖြင့် ပညာရပ်နယ်ပယ်ကို အမှန်တကယ်တတ် ကျွမ်းအောင်သင်ကြား ပေးကြစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် သင်ယူမှု၀န်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်၏ဥပဓိရုပ် ကောင်းမွန်‌‌စေရေး၊ တက္ကသိုလ် ပရဝုဏ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီရုံးသို့ရောက်ရှိပြီး အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြဋ္ဌာန်းပြီးသည့် Grade1 မှ Grade 12 အထိ သင်ရိုးညွှန်းတမ်းများ ပြန်လည်ဆန်းစစ် မွမ်းမံခြင်း၊ ဘာသာရပ်သင်ကြားမှုနည်းစနစ်များ အကြုံပြုခြင်း၊ အကဲဖြတ်စစ်ဆေးခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)