မော်လမြိုင်၊ ဩဂုတ် ၁၇
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာမှုရှိစေရေးအတွက် မြိုနယ်သီးသီးရှိ စာသင်ကျောင်းများ၌ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့တိုင်း) ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို စုစုပေါင်းအင်အား (၃၀၀) ဖြင့် ဆောင်ရွက်ခဲ့ပြီး စုပေါင်းသန့်ရှင်ရေးဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့များအား မုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)


