နေပြည်တော် ဩဂုတ် ၁၇
(၄၅) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့တွင် ငါးရှဉ့်မျိုးစိတ် (Monopterus albus, Swamp eel) အား ဟော်မုန်းဆေးများဖြင့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုအားလေ့လာခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးပညာရှင်များ၊ သုတေသီများ ၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက အနာဂတ် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနက အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသကဲ့သို့ လယ်ငါးရှဉ့် သားဖောက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေးကိုလည်း သုတေသနတွင် အောင်မြင်တိုးတက်မှုအပါအဝင် ပညာရှင်များနှင့် တောင်သူများ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းကျင်းပခြင်းဖြစ်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများမှ တက်ကြွစွာပါဝင်ဆွေးနွေးအကြံပြုပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ငါး ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေ တိုးတက်ရှာဖွေပေးနိုင်မှု အလားအလာများ၊ ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာများကို အကြံပြုဆွေးနွေး ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ပညာရှင်များနှင့် သုတေသီများက လယ်ငါးရှဉ့်ခေါ် နှုန်းငါးရှဉ့်ကို မျိုးစိတ်ခွဲခြားခြင်း၊ မျိုးငါးရှဉ့် ရွေးချယ်ခြင်း၊ ငါးရှဉ့်များဆေးထိုးသား ဖောက်ပြုလုပ်ရခြင်း၊ ငါးရှဉ့်မွေးမြူနိုင်ရန်ပြင်ဆင်ခြင်း၊ ငါးရှဉ့်သားပေါက်များ စုဆောင်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ငါးရှဉ့်မျိုးစိတ်အား မတူညီသော ဟော်မုန်းဆေးများဖြင့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်း၊ လယ်ငါးရှဉ့်မျိုး စိတ်များ၏ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကို အဓိကထားပြီး ၎င်းတို့၏ သားပေါက်ရာသီများ၊ မြေဆီလွှာနှင့် မျိုးပွားမှုအတွက် အကောင်းဆုံးအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး မေးမြန်းချက်များအား သက်ဆိုင်ရာ ပညာရှင်များနှင့် သုတေသီများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးသုတေသန ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်က ချမှတ်ပေးထားသည့် မွေးမြူရေး ရေလုပ်ငန်းသုတေသန ဆိုင်ရာမူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ မွေးမြူရေး သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆန်းသစ်တီထွင် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့သည့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ အပင်နှင့်ငါးတွဲဖက်၍ ပတ်ဝန်းကျင်အကျိုးပြု မြေမဲ့စိုက်ပျိုး မွေးမြူရေးစနစ် စမ်းသပ်သုတေသနဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ ဩဂဲနစ်နွားမွေးမြူရေး သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု၊ ကြက်ခြံနှင့် ဘဲခြံ တည်ဆောက်ရေးလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


