ရန်ကုန် ဩဂုတ် ၁၇
ပညာ‌ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ အမှတ် (၂) အ‌‌ခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသူများ ကဗျာလွတ်အကလေ့ကျင့်နေမှု ၊ Language Lab၊ ဓာတုဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ဇီ၀ဗေဒလက်တွေ့ခန်းများတွင် လက်တွေ့သင်ယူလေ့ကျင့်နေကြသည့် ကျောင်းသား ကျောင်းသူများကို လှည်လည်ကြည့်ရှုအားပေးသည်။ 
ဆက်လက်၍ စာသင်ခန်းများနှင့် ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ယဉ်ကျေးမှုဖြင့် ကျောင်းသားကျောင်းသူများ အသိပညာတိုးပွါးစေရေးနှင့် လိမ်မာယဉ်ကျေးမှုရှိစေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိရေး လေ့ကျင့်ပျိုးထောင်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး ကျောင်းCanteen အတွင်းရှိ စားသောက်ဆိုင်များကို ကြည့်ရှုစစ်ဆေးပြီး အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ သန့်ရှင်းမှုရှိစေရေး မှာကြားသည်။
ယင်းနောက် ဒုတိယ၀န်ကြီးသည် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ အဝေးသင်ပညာရေးသင်တန်းများကို နိုင်ငံတစ်ဝန်းရှိတက္ကသိုလ် ၄၂ကျောင်းတွင် ဖွင့်လှစ်ပို့ချသင်ကြားလျက်ရှိပါကြောင်း၊ အဝေးသင်ပညာရေး သင်ကြားသင်ယူမှု၊ စာမေးပွဲစစ်ဆေးမှုများ၌ One campus Two systems စနစ်ကိုကျင့်သုံးလျက်ရှိရာ အားသာချက်၊ အားနည်းချက်များ ဝိုင်း၀န်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကျောင်းလခပေးသွင်းခြင်း ကိစ္စရပ်များဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အွန်လိုင်း၊ မိုဘိုင်းမှ ငွေပေးသွင်းသည့်စနစ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများမှာလည်း စနစ်တကျ စီစဉ်ကြီးကြပ်ဆောင်ရွက်ပါက ထိရောက်အောင်မြင်သဖြင့် အားပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။ 
ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခများက တက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် Online သင်တန်းများနှင့်စပ်လျဉ်း၍ တင်ပြကာ အဝေးသင်ပညာရေး တိုးတက်ရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး တို့သည် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်အတူ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်၊ ဆင်တာအဆင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အဆင့် မှတ်ပုံတင်ခွင့်ရရှိရန် ပညာရပ် (Academic) ပိုင်း၊ လူ့စွမ်းအားအရင်းအမြစ် (Human Resources) နှင့် အခြေခံအဆောက်အအုံ (Infrastructure) ပိုင်း ဆိုင်ရာသတ်မှတ်ချက်များ ပြည့်မီရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းအချို့၏ သင်တန်းကြေးများမြင့်မားနေမှုကြောင့် သင့်တင့်မျှတသောနှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေး ထားရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုရေးရာ၀န်ကြီးက ပုဂ္ဂလိကအဆင့်မြင့်ပညာ‌ကျောင်းများ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများမှ တက်ရောက်လာသောကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်