နေပြည်တော် သြဂုတ် ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
သြဂုတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် (၈၂၅၀) ပုလင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၉၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရေနွေးဓါတ်ဘူး (၂၉၉) လုံး အပါအဝင် ကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၀၅,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၆၅၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ လမ်းဆုံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီး၊ ဘားအံမြို့မှ
မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးနှင့် မော်လမြိုင်မြို့မှ မန္တလေးမြို့မှ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် (၅၀၀၀) ပုလင်း၊ Ensure Gold Vanilla (၃၆၀) ဘူး၊ Feline Pro ကြောင်စာ (၂၀) ကီလိုဂရမ်ပါ (၁၀) အိတ် အပါအဝင် ကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆,၈၇၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၂) စီးနှင့် Scania Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၀၅၈) တန်နှင့် သစ်မာ (၁ ဒသမ ၀၇၂၆) တန်၊ အခြား (၀ ဒသမ ၅၇၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၁၉,၂၃၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၉,၄၉၄,၂၃၄) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Smile Tissue (၂၁၈၄၀) ထုပ် အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆,၈၀၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အိန္ဒိယနိုင်ငံထုတ်ဆေးဝါး Merosafe Powder for Injection ပိုးသတ်ဆေး (၁၉၃၈၀) ဘူး အပါအဝင် ဆေးဝါး (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၅၄၇,၃၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၃၅၅,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅,၅၀၄,၅၃၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


