မြစ်ကြီးနား၊ ဩဂုတ် ၁၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ်၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာအစည်းအဝေးခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဌာနအလိုက်တာဝန်ရှိသူများမှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဟူသည့် ဆောင်ပုဒ်နှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်း/ စည်းကမ်းများ၊ ညွှန်ကြားချက်များ ၊အထက်မှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်၊ ဌာနတာဝန်ခံများ အနေဖြင့် မိမိဝန်ထမ်းများကို သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးရန်ပြောကြားပြီး မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသည့် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ကမ်းနားလမ်းတစ်လျှောက် ဧရာဝတီ မြစ်ရေ လမ်းကြောင်းကောင်းမွန်ရေးနှင့် ကမ်းပြို/ကမ်းထိန်း ကာကွယ်ရေး လျာထားလုပ်ငန်း အစီအမံများနှင့် မြစ်ကမ်းလမ်းကြောင်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လျာထား လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးပြီး စီတာပူရပ်ကွက်ရှိ အင်ဂျန်းခချောင်းအတွင်းနှင့် မနောကွင်းအနီး ဧရာဝတီမြစ်ရေ တိုက်စားမှုနှင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ ဧရာဝတီမြစ်ရေကြီးမှုမှ ကာကွယ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအပေါ် အရည်အသွေးပြည့်မီစွာ အချိန်မီ ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများနှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် မြစ်ကြီးနားလေဆိပ်သို့ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျှက်ရှိသော ခရီးသွား လုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချေမွေ့စေရေးအတွက် ဆိုက်ရောက်/ ထွက်ခွာမှု အခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျှက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/ မရှိ ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ/ မရှိ ၊ လေယာဉ်ပြေးလမ်းနှင့် ပြေလမ်း၏ ဝဲယာတွင် ပန်းနှမ်းပင်များ စိုက်ပျိုးရန် လျာထားသည့်မြေနေရာများ နှင့် လေယာဉ်အရေးပေါ် အသက်ကယ်မီးသတ်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


