နေပြည်တော်၊ ဩဂုတ် ၁၈

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၁/၂၀၂၄ ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)၏ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး (၅၃၃) နေရာ ရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ဩဂုတ်၁၈  နှင့် ၁၉ တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

အဆိုပါ ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် အဖွဲ့ဝင်ဒေါ်ခင်မျိုးမြင့်တို့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ် ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ် ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မကွေးစာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်သည် နေပြည်တော်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှိ နေပြည်တော် စာစစ်ဌာနသို့လည်းကောင်း၊   အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုးသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းရှိ မွန်ပြည်နယ် စာစစ်ဌာနသို့လည်းကောင်း သွားရောက်၍  စာဖြေသူများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေး ပြည့်ဝသော ပြန်တမ်းဝင်အဆင့် အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ်ပေးလျက်ရှိရာတွင် ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန် ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုကျင်းပသော ရေးဖြေစာမေးပွဲသို့ နိုင်ငံအဝန်းမှလာရောက် ဖြေဆိုကြသူ စုစုပေါင်း (   ၁၇၄၂  ) ဦးရှိကြောင်း သိရသည်။

သတင်းစဉ်