နေပြည်တော်၊ ဩဂုတ် ၁၈
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိသည်။
ချင်းမိုင်မြို့တွင် ရောက်ရှိနေစဉ် အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၅ ရက် ညနေပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနှင့် လာအိုတို့အကြား အစဉ်အလာအရ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ မြှင့်တင် ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရေးအပါအဝင် နှစ်နိုင်ငံအပြန် အလှန်အကျိုးရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၆ ရက်တွင်ပြုလုပ်သည့် “တရုတ် - လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ အလွတ်သဘော အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။
ယင်းအလွတ်သဘော အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ လာအိုဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စစ်အက်စီရီ ပင်တာရုချီတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာ-တရုတ်-ထိုင်း-လာအိုလေးနိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်း လိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု စသည့်တရားမဝင် လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရေးတို့တွင် လေးနိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်းဖလှယ် ကတိပြုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ အပြုသဘောပူးပေါင်းဆောင်ရွက် မှုများ ပံ့ပိုးဆောင်ရွက်သွားနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် အာဆီယံ၏ တူညီ ဆန္ဒ (၅) ချက်တို့ အပြန်အလှန် လိုက်လျောညီစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုငမည့် အလားအလာများကိုလည်း ကောင်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်




