ကိုင်ရို၊ ဩဂုတ် ၁၈
အီဂျစ်သမ္မတ အယ်လ်စီစီနှင့် အီဂျစ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ပြင်သစ်နိုင်ငံ ခြားရေးဝန်ကြီး ဆီဂျာနီတို့သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် သြဂုတ် ၁၇ ရက်က အလေးအနက်ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ သဘောတူညီချက် တစ်ခုရယူခြင်းအားဖြင့် သွေးထွက်သံယိုမှုနှင့် ဒေသတွင်းတည်ငြိမ်ရေး တိုးမြင့်လာမှုကို တားဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဆီဂျာနီနှင့် တွေ့ဆုံစဉ် အီဂျစ်သမ္မတ အယ်လ်စီစီက ပြောကြားခဲ့သည်။ ထိုပြင် ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများသည် ဆိုးရွားပြီး အန္တရာယ်ရှိသော မတည်ငြိမ်မှု သံသရာသို့ ဦးတည်သွားစေနိုင်ကြောင်း အီဂျစ်သမ္မတ အယ်လ်စီစီ က သတိပေးခဲ့ကြောင်း သိရသည်။
ဂါဇာဒေသတွင် အပစ်အခတ် ရပ်စဲရေးရရှိရန်မှာ ဒေသတွင်းတင်းမာမှုများ လျော့ပါးစေရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် အပစ်အခတ် ရပ်စဲရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန် အီဂျစ်နိုင်ငံ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ချီးကျူးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာတာ၊ အမေရိကန်နှင့် အီဂျစ်တို့၏ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သော တိုးတက်မှုများရရှိခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ဟားမတ်စ်နှင့် အစ္စရေးတို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ကာတာ၊ အမေရိကန်နှင့် အီဂျစ် နိုင်ငံတို့က စေ့စပ်ဆောင်ရွက်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်