သဲဟန်(ဘန်ကောက်)
စိတ်သာရှင်စော၊ ဘုရားဟော။
မြတ်ဗုဒ္ဓဟောခဲ့တာမှာ စိတ်ကို အသေးစိတ်၊ အနုစိတ်တာမှ ခေတ်သစ် QUANTUM PHYSICS အထိ၊ ATOM, PROTON, NEUTRONS, ELECTRONS ခေတ်သစ် ရူပဗေဒတွေ့ရှိချက်တွေကို နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တွေ့ရှိဟောကြား ခဲ့တာပါ။
ဗုဒ္ဓဘာသာမြန်မာအများစုကတော့ ရုပ်မြင်သံကြားက မဟာဗောဓိတရားတွေလာရင် ကိုရီးယားကား CHANNEL ကို REMOTE ခလုတ်လေးနှိပ် ပြောင်းကြည့်လေ့ရှိကြပါတယ်။ ဒါကိုတွေ့တော့ ကိုးကွယ်ရာဘာသာမရှိတဲ့ စင်ရော်ငှက် ကလေး ယောနသန်ရယ်၊ ကံအကြောင်းမလှခဲ့တဲ့ နာကြည်းစရာဘဝ ဘာသာမဲ့ ၁၂ နှစ်သားကလေး အရွယ်ကနေ စိတ်တန်ခိုးနဲ့ အလွန်အောင်မြင်သော ဦးနှောက်နဲ့ စိတ်ပညာရှင်ကြီးတစ်ဦးအကြောင်း ဖတ်ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကိုယ်စား ရှက်ပြုံးလေးပြုံးမိရပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုတော် အောင်ကိုလတ်ဆိုခဲ့တဲ့ A B C D မတတ် ဘဲနဲ့ အရပ်ထဲကိုလည်ဆိုတဲ့သီချင်းကို တီးတိုး ညည်းမိပါတယ်။
လူတိုင်းရဲ့ အတွင်းသဏ္ဌာန်ထဲက အကောင်းတွေ မြင်အောင်ကြည့်
RICHARD BACH ရဲ့ ယောနသန်စင်ရော်ကို အကြိမ်ကြိမ်ဖတ်ခဲ့ဖူးပါတယ်။ တစ်ခါပြန်ဖတ်တိုင်း ဖတ်တိုင်း အတွေးတစ်မျိုး၊ အသိဉာဏ်တစ်မျိုး ပေါ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူများမလုပ်နိုင်တာကို ကြိုးစား ထိုးဖောက် လုပ်နိုင်စွမ်းရည်ကို အားကျခဲ့ရတာပါ။
မေတ္တာတွေ၊ ကရုဏာတွေ၊ တရားသဘောတွေ ပါမှန်းမသိခဲ့ပါဘူး။ အခုကြီးလာတဲ့အခါ တစ်ခါ ပြန်ဖတ်တိုင်း ဖတ်တိုင်း စိတ်ရဲ့တန်ခိုး စိတ်စွမ်းအား တွေ၊ လုံ့လစိုက်ထုတ်မှု၊ ဒဿနိကသဘော၊ ပရမတ္တ တရားသဘောတွေ ထင်ဟပ်သဘောပေါက် လာရပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာ JONATHAN LIVINGSTON SEAGULL ကို ဖတ်လိုက် တွေးလိုက်၊ ဓမ္မိကဘသန်း (လွတ်လပ်ရေးမော်ကွန်းဝင် သရေ စည်သူ ဗိုလ်မှူးကြီး)ရဲ့ မြန်မာပြန်ကို ဖတ်လိုက်နဲ့၊ ဖတ်တိုင်း ဖတ်တိုင်း စိတ်ခွန်အားတွေ တဖွားဖွား ဖြစ်စေခဲ့ပါတယ်။
ယောနသန်စင်ရော်ဟာ သာမန်ငှက်ပိန်း မဟုတ်ပါ။ လေဟုန်ဝေဟင်ကနေ အဖန်ဖန် ပြန်ကျလည်း အားသစ်ဖြည့် ပြန်ထ၊ အထက်အောက် ပျံသန်းနိုင်တဲ့ ငှက်စွမ်းကောင်းပါ။ ပေတစ်ထောင် အမြင့် အာကာယံကနေ ပင်လယ်ထဲထိုးကျ အရှိန်ယူပြီး အရှိန်ဖြင့်ရုတ်ခြည်းဇောက်ထိုးပြု၊ တည့်တည့်မတ်မတ်ကြီး အောက်သို့ ပင်လယ်လှိုင်းများဆီသို့ မီးပွင့်လုမတတ် စိုက်ထိုးဆင်းသက်တတ်တဲ့ ယောနသန်စင်ရော်ပါ။
အောက်စိုက်ကျဆင်းရာကနေ ခက်ခက်ခဲခဲ ပေတစ်ထောင်အမြင့် အာကာတွေကို ပြန်တက်၊ ရှေ့တည့်တည့် အားကုန်ပျံ၊ နောက်တစ်ခါ အောက်ကို ဇောက်ထိုး ဒေါင်လိုက်ကြီး စိုက်ချတဲ့ ယောနသန်၊ ဂျင်လို တလိမ့်ခေါက်ကွေးကျ ပြန်ပြီး ပျံတက်လိုက်။
တစ်ခါတုန်းက စင်ရော်အိုငှက်ကြီးတစ်ကောင်က သူ့ကိုလိုက်ထိုးပြီး အနိုင်ကျင့်လို့ သူကြိုးစား ရယူထားတဲ့ ငါးငယ်လေးတစ်ကောင်ကို ချပေးလိုက်ရတာ သူမမေ့။ အားကြီးသူက အနိုင်ကျင့်စမြဲ။ ဪ- ဒီအစာအတွက် အချိန်ကုန်ခံမည့်အစား၊ အချိန်တွေကို အပျံလေ့ကျင့်ခြင်းဖြင့် ကုန်စေတာ မကောင်းပါလား၊ လေ့လာစရာ၊ သင်ယူစရာ နိဿရည်းတွေ အများကြီးတောင်မှပဲ၊ ဒါသူ့အတွေး။
သတ္တဝါဆိုတဲ့ ဘဝကို ရလာကြတာဟာ သင်ယူဖို့၊ တွေ့ရှိဖို့၊ တတ်မြောက်ဖို့၊ ကျော်လွှားနိုင်ဖို့။ ဒါဟာ စင်ရော်ငှက်ကလေးက လူသားတွေကိုပေးတဲ့ သင်ခန်းစာ။ လူသားတွေ လေသူရဲတွေအတွက် ယောနသန် စင်ရော်ငှက်ကပေးတဲ့ စိတ်ခွန်အား၊ စိတ်တန်ခိုး…။
“ငါဟာ အရိုးနဲ့အသွေးဆိုတဲ့ ရုပ်ဓာတ်သာရှိတာ မဟုတ်ဘူး။ ဘာကမှကန့်သတ်ချုပ်ချယ်မထားတဲ့ ကျွတ်တမ်းဝင်တရားနဲ့ လွတ်မြောက်စွာ ပျံသန်းမှုတရားတွေကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်ပညာဆိုတဲ့ နာမ်ဓာတ် တစ်ခုလည်း တွေ့ရတယ်။”
ဟော ရုပ်နဲ့ နာမ်တရားကို စင်ရော်ငှက်က ပြနေပြီပါပကောလား။
ဆရာ ယောနသန်က အကြဉ်ခံထားရတဲ့ ဖလက်ချာငှက်ကလေးကို သင်ပေးတယ်။ ဒီမှာ ဖလက်ချာ၊ မင်းရဲ့ မံသမျက်စိတွေက ပြောပြနေတာ တွေ မင်းမယုံလေနဲ့။ အဲဒါအကန့်အသတ် အချုပ် အချယ်တွေပဲ။ ဘာကိုမဆို အမြင်သိနဲ့သာ မဟုတ် ဘဲ ပညာသိနဲ့ နားလည်အောင်၊ မြင်တတ်အောင်၊ တွေ့အောင်ရှာကြည့်ကွ။ ဒါဆို ပျံသန်းခြင်းအတတ်ရဲ့ လမ်းမတော်ကြီးကို မင်းမြင်လာလိမ့်မယ်တဲ့။ ဒီမှာမင်းကိုကြဉ်ထားတဲ့ အုပ်စုကြီးဆီကို မင်းပြန်သွားပြီး မင်းတတ်တဲ့ပညာ သင်ပေးချင်တဲ့စိတ်မျိုးပေါ်လာသည်အထိ မင်းမေတ္တာပွားရမယ်။ မင်းသတိပြုရမှာ က မုန်းတီးခြင်းနဲ့ မကောင်းမှုဆိုတာကို မင်းမစွဲလမ်း ရဘူး၊ မချစ်ရဘူး။ သူတို့တစ်ကောင်ချင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းရဲ့ အတွင်းသဏ္ဌာန်ထဲမှ အကောင်းတွေကို မင်းမြင်အောင်ကြည့်ဖို့ ကြိုးစား။ ဒီအကောင်းတွေမြင်လာရင် မင်းသူတို့ကို အကူအညီ ပေးရမယ်။ မေတ္တာတရားဆိုတာဒါမျိုးပဲလို့ ငါဆိုလို ချင်တာ၊ မေတ္တာတရားရဲ့အထာကို မင်းသိလာရင် သိပ်ပျော်စရာကောင်းတယ်တဲ့။
အလိုလေး၊ ဒါ ယောနသန်စင်ရော်က ဖလက်ချာ ငှက်လေးကို တရားပြနေတာ၊ မေတ္တာတရားသင်ပေး နေတာ။ လူတွေကို ကြည့်လိုက်ကြပါဦးကွယ်တို့ရယ်။ တိရစ္ဆာန်မှာ ကိုးကွယ်တဲ့ဘာသာမရှိဘူး၊ ဒါပေမဲ့ မေတ္တာတရား၊ ရုပ်တရား၊ နာမ်တရားတွေ ကို သူ ညွှန်ပြသွားတယ်လေ။
ကရုဏာဖြင့် နှလုံးသားဒဏ်ရာ ကုစားအောင်နိုင်ခြင်း
ကရုဏာတရားကို လက်တွေ့ပွားများခြင်းကနေ ဘဝမှာ ဘယ်လိုမှမမျှော်မှန်းနိုင်တဲ့ ပြောင်းလဲမှု၊ အောင်မြင်မှုတွေရခဲ့တာကို ဘာသာတရားမရှိ စိတ်ဒဏ်ရာအပြည့်နဲ့ ၁၃ နှစ်သား အမေရိကန် နိုင်ငံသား ကလေးငယ်က သက်သေပြလိုက်ပါပြီ။
ဖခင်အရက်သမား မူးပြီးကားတိုက်လို့ အလုပ်ပြုတ်၊ ထောင်ခဏခဏကျ၊ မိခင်က စိတ်ကျရောဂါနဲ့ သူ့ကိုယ်သူ သေကြောင်းကြံတာမှ အကြိမ်ကြိမ်၊ အမေဆေးရုံပို့ဖို့၊ ကျောင်းအကြိမ်ကြိမ်ပျက်၊ သူ့ပညာ ရေးကိုလည်း မိဘကမပံ့ပိုးနိုင်၊ ဒီလိုကံအကြောင်းမလှတဲ့ ကလေးငယ်လေးဟာ ဆိုးကျိုးတွေ၊ ခါးသီးမှုတွေနဲ့ သူ့ဘဝဟာ ကျိန်စာသင့်နေတယ်လို့ သူထင်မိတယ်။ တစ်နေ့မထင်မှတ်ဘဲ ကရုဏာတရားရှုမှတ်ဖို့ သင်ပေးတဲ့သူနဲ့ ကြုံခဲ့ရတယ်။ ဒါသူ့ဘဝရဲ့ အံ့မခန်းပြောင်းလဲချက် ခြေလှမ်းပါ။
မျက်လှည့်ဝါသနာပါတဲ့ ကလေးငယ်ဟာ မျက်လှည့်ပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ရောက် သွားပြီး ဆိုင်ရှင်ရဲ့မိခင်က ကလေးကို မျက်လှည့် သင်ပေးမယ်ဆိုရာက စခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးကြီးဟာ မျက်လှည့်မတတ်ပါဘူး။ ကလေးကို အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ပြီး ကရုဏာပွားတတ်အောင် သင်ပေးခဲ့တာပါ။ ကရုဏာတရားပွားခြင်းနဲ့ ဝင်လေထွက်လေ ရှုမှတ်ခြင်း အလေ့အကျင့်ကို ထူထောင် ပေးလိုက်တာပါ။ ဒီအလေ့ အကျင့်ဟာ သူ့နှလုံးသားဒဏ်ရာတွေကို ကုစားပေးနိုင်ရုံသာမက သူ့အနားက သူတွေရဲ့ နှလုံးသားဒဏ်ရာ တွေကိုပါ သူကုစားပေးနိုင်ခဲ့ပါပြီ။
သူဟာ ဒီကနေ့ အလွန်အောင်မြင်ကျော်ကြားနေတဲ့ ဦးနှောက်ခွဲစိတ် အထူးကုဆရာဝန်ကြီး၊ ဦးနှောက်နဲ့ နှလုံးသားချိတ်ဆက်မှု သုတေသန ပညာရှင်ပါမောက္ခကြီး၊ CCARE - CENTER FOR COMPASSION ALTRUISM RESEARCH & EDUCATION ခေါ်တဲ့ ကရုဏာနဲ့ မုဒိတာ သုတေသန နဲ့ ပညာရေးဗဟိုဌာနကြီးတစ်ခု တည်ထောင်သူ၊ ဦးဆောင်သူ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်လာခဲ့ပါပြီ။
ဘာသာမဲ့တဲ့၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဒီသူငယ်လေးဟာ ကရုဏာတရား၊ မုဒိတာတရား လူနာတွေကို ပွားများစေပြီး ဆေးကုပေးနေပါပြီ။ ဦးနှောက် ခွဲစိတ်ခန်းဝင်တဲ့အခါ လူနာရဲ့ အသက်အတွက်၊ သေမင်းနဲ့ စစ်ခင်းရချိန်မှာ သူဟာ ဝင်လေ ထွက်လေမှတ်၊ ကရုဏာ၊ မုဒိတာကမ္မဋ္ဌာန်းခေတ္တရှုပြီးမှ ဓားကိုင်သော လက်မတုန်ရအောင် ဆက်ထိန်းခွဲစိတ်နိုင်တော့တယ်လို့ ပြောပါတယ်။
ဒီလိုကရုဏာတရားရှုနည်း၊ မုဒိတာတရားရှုနည်း ကို စာရေးသူရဲ့ကျေးဇူးရှင် အောက်စ်ဖို့ ဆရာတော် ကြီးရဲ့ တရားစခန်းမှာ အမြဲပွားများကျင့်ရပါတယ်။ နှလုံးသားတံခါးကို ဖွင့်ထားကြဖို့ ဆရာတော်ကြီး သွန်သင်ဆုံးမမှုတွေပါတဲ့ စာအုပ်လည်းပဲ ထုတ်ထား ပါတယ်။ ကရုဏာဆိုတာ တစ်ဖက်သားရဲ့ဒုက္ခကို ကိုယ်ချင်းစာနာထောက်ထားတာပါ။ ကိုယ်ကိုယ် တိုင်ကမှ ရေနစ်နေရင် သူတစ်ပါးကို ဘယ်လို ကယ်တင်မှာလဲ။ ဒါကြောင့် ကရုဏာတရား ရှုမှတ် နည်းမှာ -
၁။ ကိုယ့်ကိုယ်ကိုယ်အရင် ကရုဏာပွားရပါတယ်။
၂။ ကိုယ်နဲ့အနီးကပ်ဆုံး (မိဘ၊ ခင်ပွန်း၊ သားသမီး)၊
၃။ လုပ်ဖော်ကိုင်ဖက် ခင်မင်ရင်းနှီးသူ၊
၄။ ကိုယ်နဲ့မသိတဲ့ သူစိမ်း၊
၅။ ကိုယ့်ကိုရန်ပြုစော်ကားသူ၊ မုန်းတီးသူ။
ဒီအုပ်စု ငါးစုကို တစ်လွှာချင်းကရုဏာပွား ရပါတယ်။ အုပ်စု ၁ ကနေ ၄ အထိ ခိုင်ပြီးမှသာ အုပ်စု ၅ ကို ပွားနိုင်မှာပါ။ ဘဝမှာဘယ်လိုခက်ခဲမှု၊ ရုန်းကန်မှုတွေ ကြုံခဲ့ရသလဲဆိုတာကို အလွှာလိုက် ကရုဏာပွားရပါတယ်။
နောက်တစ်ဆင့် မုဒိတာ ကမ္မဋ္ဌာန်းပွားများခြင်းမှာတော့ ဒီလိုဒုက္ခတွေ၊ ကျဆုံးမှုတွေ ကျော်လွှားနိုင်ခဲ့ပြီး ဝမ်းမြောက်ရတဲ့၊ ပျော်ရွှင်ရတဲ့ အကြောင်းအရာ လေးတွေကို ခုနလိုပဲ အလွှာငါးလွှာခွဲပြီး ပွားရပါတယ်။
စာရေးသူ တရားစခန်းမျိုးစုံဝင်ခဲ့၊ ဆရာများစွာထံက တရားဆည်းပူးခဲ့ရာ သက်တမ်းတစ်လျှောက်လုံး ဒီလို ကရုဏာ၊ မုဒိတာတရားရှုမှတ်နည်းကို အောက်စ်ဖို့ဆရာတော်ဆီရောက်မှပဲ စကြားဖူး၊ အားထုတ်ဖူးတော့တယ်။ ဆရာတော်ကြီးရဲ့ ကျေးဇူးကြီးမားလှပါတယ်။ နှလုံးသားတံခါးကိုဖွင့်စေခဲ့တဲ့ ဆရာတော်ကြီးကိုလည်း ဒီဆောင်းပါးဖြင့် ဦးညွှတ် ကန်တော့ပါတယ်ဘုရား။
ဗုဒ္ဓရဲ့တရားရှုမှတ်နည်းမျိုးစုံကို ရိပ်သာမျိုးစုံ၊ နည်းမျိုးစုံနဲ့ သူ့သာဓကနဲ့သူ တရားမိုးတွေ ရွာသွန်း ပေးနေတဲ့ စာရေးသူတို့နိုင်ငံမှာ အဘယ်ကြောင့်များ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ဆိတ်သုဉ်းနေ ရပါသလဲလို့ အကြိမ်ကြိမ်မေးခွန်းထုတ်မိပါတယ်။
ခုနပြောတဲ့ ဘာသာမဲ့၊ ဦးနှောက်ဆရာဝန်ကြီးရဲ့ သုတေသနဆောင်ရွက်ချက် စာတမ်းတွေကို လေ့လာကြည့်ရာမှာတော့ ဒီလိုကရုဏာပွား၊ မုဒိတာ ပွားနေတဲ့အခါ ဦးနှောက်ကနေ ဟော်မုန်းအရည်တွေ ထွက်လာပြီး ဦးနှောက်ကို ပြုပြင်ပြောင်းလဲစေနိုင် တယ်လို့ ဖတ်မှတ်ရပါတယ်။ အောက်စ်ဖို့ဆရာတော် ကြီးရဲ့ စကားနဲ့ပြောရရင်တော့ ဦးနှောက်ရဲ့အနောက် ခြမ်း ဝံပုလွေအမည်းက မကောင်းတဲ့အတွေး၊ အပြစ်မြင်၊ အပျက်သဘော အတွေးအမြင်တွေ လွှမ်းမိုးနေတဲ့ ဦးနှောက်အပိုင်းက ကျုံ့သွားပြီး ဦးနှောက်အရှေ့ခြမ်း ဝံပုလွေအဖြူ အကောင်းမြင်၊ အပြုသဘောဆောင်၊ တွေးခေါ်တတ်တဲ့ ဦးနှောက်အပိုင်းက ကြီးထွားဖွံ့ဖြိုး လာတယ်လို့ သင်ယူ မှတ်သားရပါတယ်။
ခုနကဆရာဝန်ကြီးက ဘာသာကိုးကွယ်မှု မရှိ ပါဘူး။ ဒါပေမဲ့ သူဟာ ကရုဏာ၊ မုဒိတာပွားပြီး ဗြဟ္မစိုရ်တရားနဲ့ ဆေးကုပါတယ်။ ဦးနှောက်နဲ့ နှလုံးအိမ် ဟာဒယဆက်နွှယ်မှုကို အထူးပြုသုတေ သနလုပ်တဲ့ ဆရာဝန်ကြီးဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာတရားပွားခြင်းကို သူ့ရဲ့ဆေးပညာ လက်နက်တန်ဆာအဖြစ် အသုံးပြုပါတယ်။
ဒီကနေ့ ဦးနှောက်နဲ့ စိတ်ပညာဆရာဝန်ကြီး တော်တော်များများဟာ လူနာတွေကို တရားရှုမှတ် စေတဲ့နည်းနဲ့ ကုသနေကြတာ အတော်လေး ခရီး ရောက်နေကြပါပြီ။ ရှေ့မှာပြောခဲ့တဲ့ ယောနသန်စင်ရော်ငှက် ကလေးကရော ဘာပြောသလဲ။ ကိုယ့်ကို ကြဉ်ထား တဲ့ ရန်ဘက်အုပ်စုကို မေတ္တာထားနိုင်အောင် သူတို့အကျိုးကို လိုလို လားလား ကူညီဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။
သူတို့ ဗုဒ္ဓတရားတွေ မသင်ယူဖူးကြပါဘူး။ ဒါဆိုရင် စာရေးသူတို့ ဗုဒ္ဓဘာသာတွေ မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေ ဘယ်လောက်ပွားများနိုင်ကြပြီလဲ။ မုန်းစွဲတွေကို တွယ်တာနေရမှာမဟုတ်၊ မေ့ပစ်ရမှာဆိုတဲ့ ယောနသန်စင်ရော် တိရစ္ဆာန်ရဲ့ ညွှန်ပြမှု။
အမှတ်မထင် အဆိုတော် အောင်ကိုလတ်ရဲ့ “အေ ဘီ စီ ဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုလည်” သီချင်းကို တီးတိုးဆိုမိလိုက်ပါတော့တယ်။
ABCD မတတ်ဘဲနဲ့ အရပ်ထဲကိုလည်
ဦးနှောက်နဲ့နှလုံး ဟာဒယချိတ်ဆက်မှုကို သုတေသနပြုခဲ့တဲ့ ဆရာဝန်ကြီး ဟိုးတစ်ချိန်ဘဝ မလှခဲ့၊ အလွန်ဆင်းရဲခဲ့၊ နာကြည်းခဲ့ရတဲ့ဘဝကနေ ကရုဏာတရား၊ ဝင်လေ ထွက်လေ ရှုမှတ်ပြီး ဒီကနေ့ အောင်မြင်ကျော်ကြားနေတဲ့ ဆရာဝန်ကြီး CCARE ကရုဏာ၊ မုဒိတာ သုတေသနနဲ့ ပညာရေးဗဟို ဝန်ဆောင်မှုပေး၊ ဆေးကုသတဲ့ဆရာဝန်ကြီးဆီက A B C D ကို စာရေးသူ ခုမှ သင်ယူနေရပါတယ်။ သူက နှလုံးသားရဲ့အက္ခရာဟာ C D E F G H I J K L လို့ ဖွင့်ဆိုပါတယ်။
C = COMPASSION(ကရုဏာ၊ စာနာရိုင်းပင်းမှု)
D = DIGNITY (ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရား)
E = EQUANIMITY (စိတ်တည်ငြိမ်၊ တုန်လှုပ်ချောက်ချားမှုကင်းခြင်း)
F = FORGIVENESS (ခွင့်လွှတ်ခြင်း၊ ခန္တီ)
G = GRATITUDE (ကျေးဇူးတရား သိတတ်ခြင်း)
H = HUMILITY (နှိမ့်ချခြင်း)
I = INTEGRITY (ရိုးသားဖြောင့်မတ် တည်ကြည်ခြင်း)
J = JUSTICE (တရားမျှတခြင်း)
K = KINDNESS (သနားကရုဏာတရား)
I = LOVE (ချစ်ခြင်းမေတ္တာ)
ဆရာဝန်ကြီးဖွင့်ဆိုတဲ့ A B C D ကို နှလုံးသားမှာ လေးလေးနက်နက် အက္ခရာထွင်းနိုင်ရင်တော့ စာရေးသူတို့ရဲ့ ဦးနှောက်မှာ ဝံပုလွေအမည်းအတွက် နေရာမရှိတော့ဘဲ၊ ဝံပုလွေအဖြူက နေရာယူထားမှာ ဖြစ်လို့ စိတ်ရဲ့ခွန်အား၊ စိတ်ရဲ့တန်ခိုးများကြောင့် မကောင်းတဲ့အကျင့် အတွေးတွေ ပယ်ဖျောက်ပြီး ကောင်းကျိုးလိုရာ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဧကန်မလွဲရောက်ကြရမှာပါ။
နိဂုံးချုပ်လေးမှာ နောင် ရေးကောင်းရေးမယ့် ရေးချင်စိတ်ရှိတဲ့ အယူအဆလေး နှစ်ခုနဲ့ အဆုံးသတ် ချင်ပါတယ်။ DISPOSITIONAL OPTIMISM ဆိုတာ စိတ်ဝင်စားမိပါတယ်။ SUBCONSCIOUS MIND မသိစိတ်က မအောင်မြင်တဲ့အကြောင်းတွေးနေတာ၊ CONSCIOUS MIND သိစိတ်က အောင်မြင်တဲ့ အကြောင်းတွေးတာ။ ဝံပုလွေအမည်းနဲ့အဖြူစိတ်ရဲ့ ဦးနှောက်ဆက်နွှယ်ပုံတွေကို ဆက်လက်လေ့လာ ကြည့်ချင်ပါသေးတယ်။
မြန်မာပြည်သူ ပြည်သားများ စိတ်ရဲ့စွမ်းအား၊ စိတ်တန်ခိုးဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ လျှံနေသော ဘဝနေထိုင်မှုဖြင့် လိုရာပန်းတိုင်ဆီသို့ ရောက်ကြပါစေသော်။