အစ္စလာမ္မာဘတ်၊ ဩဂုတ် ၁၈

 

ပါကစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် ဇူလိုင်လမှစကာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုကြောင့် လူပေါင်း ၁၈၇ ဦး သေဆုံးကာ အခြား ၃၃၃ ဦး ဒဏ်ရာ ရရှိကြောင်း၊ သေဆုံးသူများထဲတွင် ကလေး ၉၆ ဦးနှင့် အမျိုးသမီး ၃၀ ပါဝင်ကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ပန်ဂျပ်ပြည်နယ်ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး သေဆုံးသူ ၆၈ ဦးရှိကြောင်း၊ ယင်းနောက် အနောက်မြောက်ပိုင်း ခိုင်ဘာပါ့တွန်ခဝါပြည်နယ်တွင် သေဆုံးသူ ၆၅ ဦးနှင့် တောင်ပိုင်း ဆင်းပြည်နယ်တွင် သေဆုံးသူ ၃၂ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

 

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ် တွင် သေဆုံးသူ ၁၃ ဦး၊ ပါကစ္စတန် ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားတွင် သေဆုံးသူ ငါးဦးနှင့် မြောက်ပိုင်း ဂစ်ဂျစ်-ဘယ်တီ စတန်ဒေသတွင် သေဆုံးသူလေးဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါကာလအတွင်း တိရစ္ဆာန်ကောင်ရေ ၃၅၂ ကောင်သေဆုံးခဲ့ပြီး နေအိမ်၂၂၉၃ လုံးနှင့် တံတားအစင်း ၃၀ ပျက်စီးခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့က ပြောကြားသည်။

 

ဆင်ဟွာ