နယူးယောက်၊ ဩဂုတ် ၁၈

 

အစ္စရေးတပ်မတော်သည် ဒေသခံများအား ဘေးလွတ်ရာရွှေ့ပြောင်းရေး အမိန့်ထုတ်ပြန်ကြေညာပြီး ဂါဇာကမ်းမြောင်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှုနှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ က ပြောသည်။ အစ္စရေးတပ်မတော် သည် ဩဂုတ် ၁၇ ရက်က ဂါဇာ တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဒေသမီဒီယာများက ဂါဇာ အလယ်ပိုင်းတွင် ၁၅ ဦး သေဆုံးကြောင်း ပြောသည်။ အစ္စရေး တပ်မတော်သည် ၎င်းတို့ သတ်မှတ်ထားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဒေသများသို့ ပြောင်းရွှေ့ရေးအတွက် ဘေးလွတ်ရာရွှေ့ပြောင်းရေးအမိန့် နှင့်ပတ်သက်ပြီး  ဂါဇာဒေသခံများအား ကြိုတင်အသိပေးထားကြောင်း ပြောသည်။

 

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဟုဆိုသော နေရာအရွယ်အစားကို ဂါဇာကမ်းမြောင် ဒေသစုစုပေါင်း၏ ၁၁ ရာခိုင်နှုန်သို့ လျှော့ချလိုက်ကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ရုံးကသောကြာနေ့တွင် ပြောသည်။

 

ထို့ပြင် ရွက်ဖျင်တဲများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက် နေကြောင်းလည်း အဆိုပါရုံးက ပြောသည်။ ဩဂုတ် ၁၆ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်သော ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့်ပတ်သက်ပြီး နှစ်ရက်ကြာ ဆွေးနွေးမှုများကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်သူများက အဆုံးသတ်ခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ