သီဟစည်သူ
(ဩဂုတ် ၁၁ ရက်မှအဆက်)
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၈ ရာခိုင်နှုန်းခန့်အထိ ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်း ရေးနယ်မြေများအဖြစ် သတ်မှတ်ဖွဲ့စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် အာဆီယံ အမွေအနှစ်ဥယျာဉ် ရှစ်ခု၊ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်အစီအစဉ်တစ်ခုဖြစ်သော လူသားနှင့်ဇီဝ အဝန်းနယ်မြေ နှစ်ခု၊ နိုင်ငံတကာအဆင့် ရမ်ဆာရေဝပ်ဒေသခြောက်ခု စုစုပေါင်း ဧရိယာ ၂၇၈၆၉၇ ဟက်တာ (၆၈၈၃၈၂ ဧက) နှင့် ဩစတြေးလျဒေသ ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေ ရှစ်ခုတို့ကို အသိအမှတ်ပြုခံထားပြီးဖြစ်သည်။
သစ်တောဦးစီးဌာနသည် သဘာဝထိန်းသိမ်း ရေးနယ်မြေများအတွင်းနှင့် ပြင်ပရှိ မြန်မာ့တောရိုင်း တိရစ္ဆာန်များနှင့်အပင်များ ရေရှည်တည်တံ့နိုင်ရေး အတွက် အကြောင်းအမျိုးမျိုးကြောင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော တောဆင်ရိုင်းများ၊ ကျားများ၊ မြန်မာ့ရွှေသမင်များ၊ မိကျောင်းများ၊ ကြယ်လိပ်များအပါအဝင် နို့တိုက်သတ္တဝါ၊ ငှက်များနှင့် အပင်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့် တွားသွား သတ္တဝါများ လေ့လာဖော်ထုတ် ထိန်းသိမ်းကာကွယ်ခြင်း၊ ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း၊ အပင်၊ သစ်ခွနှင့် ပရဆေးပင်များ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို မိတ်ဖက်ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက် လျက်ရှိသည်။
ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသသည် တစ်ကမ္ဘာလုံးဧရိယာ၏ ၃ ရာခိုင်နှုန်းမျှသာ ကျယ်ဝန်းသော်လည်း ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်လျက်ရှိသကဲ့သို့ ဖော်ပြခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံအတွင်း ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝဘေးမဲ့တော နယ်မြေများနှင့် အာဆီယံအမွေအနှစ်ဥယျာဉ် ရှစ်ခုတို့အတွင်း ရှားပါးဘင်္ဂလားကျား၊ အာရှဆင်၊ မြန်မာ့နှာလန်မျောက်မျိုးစိတ်၊ ပန်ဒါနီ၊ ရွှေရောင်သားမင်း၊ အင်းကျား၊ ကြံ့သူတော် စသည့် ရှားပါးသတ္တဝါများသာမက မြန်မာ့ဒေသမျိုးရင်းသတ္တဝါများနှင့် အပင်မျိုးစိတ်များဖြစ်သည့် သစ်ခွနက်၊ သော်ကကြီး၊ မြန်မာ့ကြယ်လိပ်၊ ရွှေသမင်၊ မျက်ခုံးဖြူငှက်ပြာခြောက် စသည်တို့ကိုလည်း ဖော်ထုတ်မှတ်တမ်းတင်ထားနိုင် ပြီဖြစ်သည်။
ထိန်းသိမ်းကာကွယ်
ဆက်လက်၍လည်း မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ရွှေစက်တော်ဘေးမဲ့တော ကို အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် တည်ထောင်သတ်မှတ်နိုင်ရေးအတွက် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Center for Biodiversity–ACB) နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဘေးမဲ့တောဥယျာဉ်နှစ်ခုအနက် မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတည်ရှိပြီး နို့တိုက်သတ္တဝါမျိုးစိတ် ၁၂၀၊ ကုန်းနေရေနေနှင့် တွားသွား သတ္တဝါ ၂၈ မျိုး၊ အင်းဆက် ၃၃ မျိုး၊ ဆောင်းခိုငှက် ၅၉ မျိုး၊ ဌာနေငှက် ၇၇ မျိုး၊ ငါးမျိုးစိတ် ၄၄ မျိုးနှင့် ရေနေပင် ၇၄ မျိုးကို ထိန်းသိမ်းကာကွယ်ထားသည်။ ထို့အတူ မကွေးတိုင်း ဒေသကြီးအတွင်းတည်ရှိသည့် ရွှေစက်တော်ဘေးမဲ့တောတွင် မျိုးသုဉ်းရန်အလွန်နီးအဆင့် သတ်မှတ်ခံထားရသည့် မြန်မာ့ကြယ်လိပ်များ ကို မွေးမြူထိန်းသိမ်းလျက်ရှိသကဲ့သို့ နို့တိုက် သတ္တဝါ ၁၄ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုး နှင့် ငှက်မျိုးစိတ် ၁၁၃ မျိုးတို့ အပြင် မြန်မာဌာနေဖွား ဒေသရင်းမျိုးစိတ်များဖြစ်သည့် စွေ့ငှက်၊ နဖားကြူးအမြီးဝိုင်းငှက်၊ မြန်မာ ဘီလုံးငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ရွှေသမင်နှင့် ကြယ်လိပ်များကို ထိန်းသိမ်းကာကွယ်လျက် ရှိကြောင်း သိရှိရသည်။
ကြွယ်ဝလှသည့် ဇီဝမျိုးစုံမျိုးကွဲများ
အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန၏ အချက်အလက်များအရ ကြွယ်ဝလှသည့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများအနက် အပင်မျိုးစိတ် ၁၁၈၀၀ ခန့်၊ နို့တိုက်သတ္တဝါ မျိုးစိတ် ၃၀၀ ခန့်၊ ငှက်မျိုးစိတ် ၁၁၀၀ ကျော်၊ တွားသွားသတ္တဝါမျိုးစိတ် ၂၈၀ ခန့်၊ ကုန်းနေ ရေနေသတ္တဝါ ၈၀ ကျော်၊ ဆေးဖက်ဝင် အပင်မျိုးစိတ် ၈၄၀ ကျော်၊ ဝါးမျိုးစိတ် ၉၆ မျိုးနှင့် အပူပိုင်း အပင် မျိုးစိတ်များစွာကို ပိုင်ဆိုင်ထားသည့်အပြင် ရေချိုငါးမျိုးစိတ် ၃၅၀ ကျော်၊ အဏ္ဏဝါငါးမျိုးစိတ် ၈၀၀ ကျော်၊ ပင်လယ်မြက်မျိုးစိတ် ကိုးမျိုး၊ သန္တာမျိုးစိတ် ၃၃၂ မျိုးနှင့် ကမ္ဘာ့ပင်လယ်လိပ် ငါးမျိုးကို ပိုင်ဆိုင်ထားသဖြင့် အာရှဒေသ၏ ဇီဝမျိုးစုံအမွေအနှစ် ခံတပ်ကြီးသဖွယ် တည်ရှိနေသည်။ ၎င်းတို့ အနက် မျိုးသုဉ်းအန္တရာယ် ခြိမ်းခြောက်ခံနေရသည့် နို့တိုက်သတ္တဝါများ၊ ငှက်များ၊ တွားသွား သတ္တဝါများ နှင့် အပင်မျိုးစိတ်ပေါင်း ၁၄၄ မျိုး ရှိကြောင်း သိရသည်။
လူသားများ၏ လူမှုဘဝဖူလုံရေး၊ ကျန်းမာသော ကမ္ဘာမြေ၊ သာယာ ဝပြောသော စီးပွားရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ် သည့် အစားအစာ၊ ဆေးဝါး၊ စွမ်းအင်၊ သန့်ရှင်းသောလေနှင့် ရေ၊ သဘာဝ ဘေးအန္တရာယ်များမှ လုံခြုံမှု၊ အပန်းဖြေမှုနှင့် ယဉ်ကျေးမှုစသည်တို့သည် ဇီဝမျိုးစုံ ဂေဟစနစ်များအပေါ် တည်မီလျက်ရှိရာ မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသည့် ဇီဝမျိုးစုံအမွေ အနှစ်များသည် အမျိုးသားအဆင့် သာမက အာဆီယံဒေသတွင်းအဆင့် အမွေအနှစ်များပင် ဖြစ်ပေသည်။ ထို့ကြောင့် ယခုကဲ့သို့ အာဆီယံအဆင့် သတ်မှတ်ပြီး ထိန်းသိမ်းကာကွယ်လျက်ရှိ သည့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရှစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစိတ်များအတွက် အဓိက အရေးပါသောနယ်မြေဒေသများဖြစ်ရာ ထိုဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တံ့မှုရှိစေရေး၊ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးနှင့် လူတို့၏ ပယောဂများကြောင့် ဆုံးရှုံးမှုများမဖြစ်ပေါ်ရေး အဖွဲ့အစည်းအားလုံးက အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား -
(၁) သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ သစ်တောကြေးမုံဂျာနယ်များ။
(၂) ဒေါက်တာဆုစန္ဒာအောင် (သစ်တောဦးစီး ဌာန)- ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လူတိုင်းပါဝင် ဆောင်ရွက်ပေး ဆောင်းပါး
(၃) သစ်တောမောင် ဆောင်းပါးများ။
(၄) https: // www.aseanbiodiversity.org/asean-biodiversity-dashboard/