မိုင်းဆတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက မိုင်းဆတ်ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဗုဒ္ဓကောလိပ် ခူးဝါးဝုန်းစုမ့်ဉာဏသံဝရောကျောင်းတိုက် (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတနှင့် ဆရာတော်သံဃာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်သည့် ဦးဒါယေလှ၏ အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဟိုနားကျေးရွာရှိ တောင်သူ ဦးစိုင်းဝုန်း၏ လယ်မြေ(၄)ဧက၌ စိုက်ပျိုးထားသည့် မျိုးသန့်၊ မျိုးပွား(စံပြ) မိုးစပါးစိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူတို့အား လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကာ အာဟာရပြည့်အစားအစာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် မိုင်းဆတ်မြို့ လေယာဉ်ကွင်း မူလလေယာဉ်ပြေးလမ်းအား ပေ(၁၀၀၀)တိုးချဲ့နေမှုနှင့် ဘေးနှစ်ဖက်သို့ (၂၅)ပေစီ တိုးချဲ့ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(ခွဲ၊လ-၂)ကျောင်း၌ ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

မြင့်မောင်(မိုင်းဆတ်)