ရန်ကုန် ဩဂုတ် ၁၉ 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသား သင်တန်းသူများအနေဖြင့် ဝန်ထမ်းသက်တမ်းတစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး အဂတိတရားကင်းရှင်းကာ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုရရှိသော နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် လေ့လာသင်ယူဆည်းပူးသွားကြရန် လိုအပ်ပါကြောင်းနှင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ယန္တရားကြီး အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၅)သို့ သင်တန်းသား (၁၁၅)ဦး၊ သင်တန်းသူ (၅၆)ဦး၊ စုစုပေါင်း (၁၇၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၉ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်