လွိုင်ကော် သြဂုတ် ၁၉
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ ကယားပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်အောင် ကောက်ယူနိုင်ရန် ပြည်နယ်အဆင့်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သောကြောင့် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူများအားလုံး အလေးနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်လာစေရန် အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ ပြည်သူလူထုများ ပြန်လည်အခြေချ နေထိုင်သူများအား သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်တို့ကို တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ခံရယူခဲ့ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း VIDEO-Clip အား ပြသသည်။
ယင်းနောက် ပြည်နယ်ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အမှတ်တရလက်ဆောင်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များထံ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဟောပြောခြင်းနှင့် စာရင်းစစ် - စာရင်းကောက်သင်တန်းကို ဩဂုတ် ၁၉ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း (၁၂)ရက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နည်းပြဆရာများက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား စာရင်းစစ် - စာရင်းကောက်သင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)


