နေပြည်တော်၊ ဩဂုတ် ၁၉
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီးက အမျိုးသားအားကစားပွဲတော်ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့်ပတ်သက်ပြီး အချက်အလက်များခိုင်မာ၍ အငြင်းပွားစရာများ မရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အတည်ပြုဆုံးဖြတ်ပေးနိုင်သည့်သူများနှင့် တွေ့ဆုံ၍ ယခု အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်သည့်အချက်များနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြချက်များကို အတည်ပြုဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယခု အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည့် အချက်များကို နောက်ပိုင်းတွင် ထပ်မံပြုပြင်ပေးသွားမည် မဟုတ်ကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် တာဝန်ပေးအပ်မည့် ဒိုင်လူကြီးများနှင့် နည်းပြများကို ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းစနစ်များနှင့်ပတ်သက်ပြီး မွမ်းမံသင်တန်းများ ဖွင့်လှစ်လိုပါက ဆွေးနွေးတင်ပြပေးရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ သင်တန်းဖွင့်လှစ်မည့် နေ့ရက်နှင့်အချိန်အားသတ်မှတ်၍ တည်းခိုနေထိုင် စားသောက်မှုများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက စည်းမျဉ်း/ စည်းကမ်းများ၊ အမှတ်ပေးစနစ်များ၊ မျိုးဆက်သစ်အားကစားသမား ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရွေးချယ်ရေးမူများ/ သတ်မှတ်ချက်များကို အချက်အလက် မှတ်တမ်း/မှတ်ရာများဖြင့် တိတိကျကျ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ကန့်ကွက်မှု ကိစ္စများမဖြစ်စေရေးအတွက် အမှတ်ပေး စည်းမျဉ်း/ စည်းကမ်းများကို အဖွဲ့ချုပ်များအနေဖြင့် ယခုကတည်းက စနစ်တကျပြုစု ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ (အသက်/ အဆင့်) ကန့်သတ်ချက်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ တာဝန်ပေးအပ်မည့် ဒိုင်လူကြီးများနှင့် နည်းပြများကို ပြောင်းလဲလာသည့် နည်းစနစ်များ၊ စည်းမျဉ်း/ စည်းကမ်းများကို သိရှိနားလည်စေရန်အတွက် သင်တန်းပေးမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေး အကြံပြုတင်ပြရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် အတည်ပြုဆုံးဖြတ်ပေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်


