နေပြည်တော်၊ ဩဂုတ် ၁၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက လာအို-မြန်မာ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိကာ မြန်မာ-လာအို နယ်စပ်ဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခရီးသွား လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် လာအို-မြန်မာ ချစ်ကြည်ရေးတံတားအနီးရှိ ကျိုင်းလပ်ကုန်သွယ်ရေးစခန်း၌ ကျိုင်းလတ်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ကုန်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသခံများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပေးအပ်ထားသည့် တာဝန်များကို စည်လုံးညီညွတ်စွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို တိတိကျကျလိုက်နာ၍ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်