မကွေး ၃ မတ်
မကွေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာမှု အားနည်းလျက်ရှိနေသဖြင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာကြစေရန် ပထမဦးဆုံးအကြိမ်အဖြစ် ဆိုင်ကယ်စီးနင်းသူများအား ဦးထုပ်အပြင် ယာဉ်မောင်းလိုင်စင်များပါ စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခင်က ဆိုင်ကယ်စီးဦးထုပ် တစ်မျိုးထဲကိုသာ ဖမ်းဆီးခဲ့သော်လည်း ယာဉ်တိုက်မှုများလာခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရန် အားနည်းမှုများ ရှိနေခြင်းကြောင့် ယာဉ်မောင်းလိုင်စင်ကိုပါ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ၎င်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးငွေတင်က ဆိုသည်။
တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဖေဖော်ရီ ၉ ရက်က စတင်ကာ ရဲတပ်ဖွဲ့၊ ယာဉ်/ထိန်းတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်စည်းကမ်းကြီးကြပ်ရေးအဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုအဖွဲ့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
"၂၀၁၇ ကတည်းက ယာဉ်စီးကမ်း လမ်းစည်းကမ်းကို ပညာပေးခဲ့တယ်။ ပညာပေးကာလ ကျော်တဲ့အချိန်မှာ ဖမ်းတာ၊ မကွေးမှာ နေ့စဉ်ဖမ်းနေတာ၊ ဒီလောက်ဖမ်းနေတာကို စည်းကမ်းမလိုက်နာကြဘူး"ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က ပြောသည်။
မကွေးမြို့နယ်တွင် ယာဉ်တိုက်မှုများပြားလာပြီး လူအသေအပျောက် များပြားနေသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ရေးဆွဲကာ (၁)လကြာ ဖမ်းစီးရန် ညွှန်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။
ယခုဖမ်းဆီးမှုတွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသည်ကို ဖမ်းမိပါက ကျပ်(၃၀ဝ၀ဝ) ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် မပါရှိပါက ကျပ် (၅၀ဝ၀ဝ)၊ တရားရုံးတွင် ယာဉ်မောင်းလိုင်စင်ပြနိုင်ပါက ကျပ်(၃၀ဝ၀ဝ)သာ ပေးဆောင်ရမည်ဖြစ်ကြောင်း မကွေးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှု (၁၆၁၀)မှု၊ ဒဏ်ရာရှိသူ (၂၇၉၉)ဦး၊ သေဆုံးသူ (၃၆၇)ဦးရှိခဲ့ပြီး မော်တော်ဆိုင်ကယ်ပါဝင်သည့် မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ (၂၇၇)ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး ယာဉ်အန္တရယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ စာရင်းဇယားအရ သိရသည်။
မကွေးမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းစီမံချက်ဖြင့် ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်မှ မတ် ၇ ရက်အထိ ပညာပေးဟောပြော ဆောင်ရွက်ခြင်းများ ပြုလုပ်မည့်အပြင် စည်းကမ်းမလိုက်နာခြင်းကြောင့် ဦးထုပ်မစောင်းမှု၊ လူပိုတင်ဆောင်မှုနှင့် ယာဉ်လိုင်စင် အမောင်းလိုင်စင် မပါမှုတို့ကြောင့် ဖေဖော်ဝါလမှ မတ်လဆန်းအထိ အမှုပေါင်း ၃၅၅ မှု ဖမ်းဆီးရမိကြောင်း သိရသည်။
ဇွဲထက်ရှင်
