နေပြည်တော် ဩဂုတ် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာ မူလတန်းလွန်ကျောင်း(လက်ပံခါးလှ)၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ပေ ၇၀ × ၃၀ RC နှစ်ထပ်ကျောင်းဆောင် တည်ဆောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများ အသုံးပြုရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၁၆၅၉)တွင် နေပြည်တော်စက်မှု လယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးဧက ၉၀ စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများတွင် စိုက်ပျိုးပေးနိုင်ရေးကို အလေးထားဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် နန်းဦးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥဇ္ဇောတ မထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုကာ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် နေပြည်တော်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက နည်းပြသင်တန်း ဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နေပြည်တော်သန်း ခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယခုဖွင့်လှစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ နေပြည်တော်အဆင့် နည်းပြသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၃၆ ဦးဖြင့် သင်တန်းကာလ ၁၀ ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


