နေပြည်တော်၊ ဩဂုတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာအနီး၊ ချောင်းမငယ် ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ချောင်းမငယ် ရေလှောင်တမံအနေဖြင့် ယခင်နှစ် အလားတူကာလထက် ရေဧကပေ (၂၃၀၀၀) ခန့် ပိုမို ထိန်းသိမ်း သိုလှောင်နိုင်လျက်ရှိသဖြင့် ဆောင်းသီးနှံ၊ နွေစပါးအပါအဝင် သီးထပ်သီးနှံ သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ တောင်သူများကိုယ်တိုင် ပျိုးထောင်၍ ကောက်စိုက်စက်ကို စနစ်တကျအသုံးပြုနိုင်ရေးနှင့် မျိုးစေ့ချကိရိယာ (Seeder) အား စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက နည်းပညာ အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေချိုသယံဇာတအရင်း အမြစ်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဆည်တာတမံကြီးများ ဘေးကင်းလုံခြုံပြီး ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဒေသခံတောင်သူများက ပူပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆင်အုံကန်၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် သဘာဝကုန်းရိုးမှ ရေကျော်ခဲ့သည့်နေရာတွင် ပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာရှိ ဝက္ကမူရာဘာ ရေလွှဲဆည်သို့ရောက်ရှိပြီး ဝက္ကမူရာဘာ ရေလွှဲဆည်အတွင်း ရေဝင်ရောက်မှု၊ ရာဘာအိတ်အတွင်း ရေသွင်းရေထုတ်သည့်စနစ် (Compressor Room)၊ ရေလွှဲဆည်ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများအား တွေ့ဆုံ၍ စိုက်ပျိုးရေကို စနစ်တကျ ခွဲဝေမျှတသုံးစွဲရေး၊ (၁) နှစ် သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးနှံ၏သက်တမ်းနှင့် ရေလိုအပ်ချက်ကို တွက်ချက်ပြီး ရာသီအလိုက် စိုက်ပျိုးမည့်သီးနှံများ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာရှိ Closed house type and evaporated cooling system (အလုံပိတ်အအေးစနစ်) အသားတိုးဝက် မွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အသားထုတ်လုပ်မှုကဏ္ဍ တန်ဖိုး တိုးတက်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


