ဒေါက်တာမြတ်မိုး

 

ယနေ့ခေတ် ယနေ့ကာလလို လူအချင်းချင်း နှိပ်စက်ကြတဲ့ အခြေအနေမျိုး ယခင်က မရှိခဲ့ဖူး၊ မကြားခဲ့ဖူးပါ။

 

ဒေါသ၊ လောဘ၊ မောဟတရားဆိုးများကား များလှပေစွ၊၊ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ချင်ပေမယ့် ဖြစ်ချင်တာမဖြစ်၊ ဘေးမသန်း၊ အေးချမ်းချင်ပေမယ့် မချမ်းသာ၊ လိုရာမပြည့် ခရီးကမရောက်။ ဆန္ဒတွေ အမှန်မဖြစ်တဲ့အပြင် သူ့ဆန္ဒထက် မိမိဆန္ဒကို ပိုရှေ့တန်းတင်သူက များလှတယ်။ မိမိတို့ ဖြစ်ချင်တာတွေ ကြည့်ပြန်တော့ အချို့ကလမ်းလွဲနေပြန်တယ်။ သူ့အကျိုးကိုလိုလားဖို့ နေနေသာသာ ကိုယ့်အကျိုးကိုရှေးရှုသူက ပိုလို့များနေတယ်။ ပရစိတ်ထား၊ ပရအလုပ်ထက် အတ္တကပိုများနေတဲ့အခါ ခန္တီသည်းခံခြင်းလည်း ဘေးရောက်သွားရပြီ၊ ဒေါသက ရှေ့ဆောင်နေပါလား လောဘက ရှေ့ဆောင်နေပါလား သတိမထားမိတဲ့အခါ အမုန်းနဲ့ အာဃာတ က ကြီးထွားနှိပ်စက်ကြပြန်တယ်။ မေတ္တာလက်နက်နဲ့သာ နှိပ်စက်မှုတွေ၊ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာမဖြစ်မှုတွေ၊ မအေးချမ်းမှုတွေ၊ အတ္တ၊ လောဘ၊ ဒေါသ အမုန်းတရားတွေဆိုတာ တရားဆိုးတွေပါပဲ။ ဒီအကုသိုလ်တွေကြောင့်သာ ပတ်ဝန်းကျင်က မလှပ၊ လောကကြီးက မငြိမ်းချမ်းဟု သိတော့သိနေကြတယ်။ ထိုသူတို့ရဲ့လားရာဂတိကလည်း လားလားမှမကောင်းနိုင်။ သိသူသိကြပေမယ့် မကောင်းတာကိုပယ်ဖို့၊ ဆိုးတရားတွေကို ဖျက်ဆီးဖို့၊ မေတ္တာလက်နက်ကိုမူ သိသူနည်းပါတယ်။ မေတ္တာဆိုတာ သူတစ်ပါးအကျိုးကို လိုလားပြီး သူ့အကျိုးပျက်စီးမှာကို မလိုလားခြင်းပါပဲ။ ကိုယ့်အတွက် တစ်စုံတစ်ရာမပါ၊ လိုချင်တပ်မက်မှု ကင်းပြီး သူ့အတွက် သက်သက်သာဖြစ်လို့ ရာဂကင်းတဲ့ သဘောကို ဆောင်ပါတယ်။

 

ဒီလို မြင့်တဲ့၊ မြတ်တဲ့ မေတ္တာတရားကို အကုသိုလ်ကိုပယ်ရှားမယ့် ကုသိုလ်လက်နက်တစ်ခုအဖြစ် အချို့ သိကြပေမယ့် မကျင့်သုံးမိ၊ အသိလည်းမသိ ကျင့်လည်းမကျင့်နိုင်ကြလို့သာ လောဘမီး၊ ဒေါသမီးတွေကို အရှိန် မထိန်းနိုင်ခြင်းဖြစ်ရတယ်။ ဒီကုသိုလ် မေတ္တာလက်နက်က အလွန်ထိရောက်လှပါတယ်။ မေတ္တာတန်ခိုး ကြီးမှန်းသိလို့ နေ့စဉ်လည်း ယုံကြည်မြတ်နိုးစွာနဲ့ ရွတ်ဖတ်ကြခြင်းသာ။ တစ်ခုပဲရှိတယ်..။ အနက်အဓိပ္ပာယ်ကို သိရှိပြီး ကြိုးစားရွတ်ဖတ်ပူဇော်က မေတ္တာအကျိုးကား ပိုအာနိသင်ရှိပါတယ်။ ယခုကမ္ဘာနဲ့ မြန်မာ အခြေအနေတွေအရ ကုသိုလ်လက်နက်ကို မချစတမ်းကိုင်နိုင်ကြမှသာ ငြိမ်းချမ်းရေးလည်းရမယ်၊ ကုသိုလ် လုပ်ကြတာ အကုသိုလ်ကို ပယ်ဖို့ဖြစ်သလို မေတ္တာလက်နက်ကို အသုံးချခြင်းက ဒေါသကိုပယ်ဖို့သာ ဖြစ်ပါတယ်။ မေတ္တာလက်နက်ကို ကောင်းစွာအသုံးချနေသရွေ့ ဒေါသကို လျှော့ချနိုင်မှာမလွဲပါ။

 

မေတ္တာဆိုတဲ့ ကုသိုလ်တရားမြတ်ကို ရွတ်ဖတ်ပူဇော်ရုံသာမက ပွားများအားထုတ်မှုလည်း ပြုစေချင်ပါတယ်။ ပွားများအားထုတ်ခြင်းဖြင့်လည်း များပြားတဲ့အကျိုးတွေ ရနိုင်ပါတယ်။ သီလဆောက် တည်ခြင်းက ကာယကံ၊ ဝစီကံ အကုသိုလ်အမှု တွေမဖြစ်အောင် စောင့်စည်းသလို သမထဘာဝနာ က မနောကံ အကုသိုလ်မဖြစ်အောင် စောင့်ရှောက် ပါတယ်။ သမာဓိစွမ်းအားက စိတ်ကိုစင်ကြယ်စေ တယ်လို့ဆိုတဲ့အခါ သမထဘာဝနာ ကမ္မဋ္ဌာန်း ၄၀ မှာ တစ်ပါးဖြစ်တဲ့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းက ယခုဘဝငြိမ်းချမ်းမှုအတွက်သာမက ဘဝ ဆက်တိုင်း ဆက်တိုင်း အကုသိုလ်ကို ပယ်နိုင်တဲ့ဘဝများကိုပါ ရရှိစေပါတယ်။ ဘဝဆက်တိုင်း ကောင်းကျိုးပေးမယ့် ကုသိုလ်ကံဖြစ်တဲ့အတွက် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနဲ့ ကြုံခိုက်မှာ စနစ်တကျနဲ့ ပွားများ အားထုတ်ကြစေ လိုပါတယ်။

 

မေတ္တာအကျိုးအာနိသင်များ

 

မေတ္တာဘာဝနာကို ပွားများနိုင်လေလေ၊ သည်းခံခြင်းတရားလည်း ပြည့်လေလေ၊ အကျိုးကျေးဇူးဟာ ကိုယ်တွေ့ပါ။ မေတ္တာအကျိုးကြောင့် သည်းခံခြင်းက အရှုံးပေးရာ မရောက်ပါဘူး။ မေတ္တာရဲ့အကျိုးကို ဆင်ခြင်ရင်းနဲ့လည်း အမျက်ဒေါသ ပယ်ပျောက်သွားတဲ့အထိ အာနိသင်ရှိပါတယ်။ ဒါဆိုရင် မေတ္တာအကျိုး အာနိသင်တွေကို ဆင်ခြင်ကြည့်ရအောင်ပါ။ နေ့စဉ် ချမ်းချမ်းသာသာ အိပ်စက်ရ၊ နိုးထရ၊ အိပ်မက်ဆိုးမမက်၊ နတ်လူ အများရဲ့ချစ်ခင်မှုကိုရရှိပြီး နတ်တို့ရဲ့ အစောင့် အရှောက်ခံရ၊ မေတ္တာပွားထားတဲ့အတွက် မိမိ ခန္ဓာကိုယ် ပေါ်မှာလည်း အဆိပ်၊ မီးလက်နက်မကျ ရောက်နိုင်၊ စိတ်ကတည်ကြည်ပြီး မျက်နှာအဆင်းက ကြည်လင် နေတယ်။ သေရင်လည်း မတွေမဝေသေရသလို အထက်မဂ်ဖိုလ်အထိ ထိုးထွင်းပေါက်ရောက်နိုင်ပြီး ဗြဟ္မာပြည် အထိပင် လားရောက်နိုင်တယ်လို့ မြတ်စွာဘုရားရှင်ရဲ့ ဟောထားချက်များကို ဝိသုဒ္ဓိမဂ်လာအတိုင်း နာယူထားဖူး ပါတယ်။ အလွန်တရာအကျိုးများတဲ့ လောကီလောကုတ္တရာ ကျေးဇူးတွေပါပဲ။ ဒါကြောင့်လည်း မေတ္တသုတ်ကို ရွတ်ဖတ်ဖို့ မေတ္တာဘာဝနာကို အားထုတ်နိုင်ဖို့ မေတ္တာရပ်ခံလိုခြင်း ဖြစ်ပါတယ်။

 

ဒေါသမူလနဲ့အတူ တရားဆိုးများ

 

ဘာကြောင့်လဲဆိုတော့ မေတ္တာဟာ မြတ်တဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြား သော ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများနည်းတူ မေတ္တာဗြဟ္မဝိဟာရလို့ ခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။ မြတ်သောအကျင့်ဖြစ်လို့ ဒေါသကို ပယ်တယ်လို့ လည်း နာယူခဲ့ဖူးပါပြီ။ ဒါပေမဲ့ ဒေါသရဲ့အပြစ်ကို ကြိုတင်သိနားလည်ထားမှလည်း ဒေါသကို ပယ်နိုင် မှာပါ။ ဒေါသအပြစ်သိထားမှ မေတ္တာကိုပွား မေတ္တာထားနိုင်မှာ ဖြစ်ပါတယ်။ ဒေါသက မကောင်းတဲ့ အကုသိုလ်။ ဘာလို့မကောင်းလဲဆိုတော့ မိမိရော သူတစ်ပါးကိုပါ ဖျက်ဆီးတတ်လို့ပါ။

 

ဒေါသမှာ ခက်ထန်ကြမ်းကြုတ်တဲ့ အဆိပ်လက္ခဏာရှိပြီး ကျန်တဲ့စိတ်အားလုံးကိုလည်း လွှမ်းမိုးနိုင်စွမ်းရှိသလို ဆွဲဆောင်နိုင်စွမ်းလည်း ရှိပါတယ်။ ခန္ဓာအဆိပ်တက်နေတဲ့ ဒေါသက ဦးဆောင်မိပြီဆိုရင် မလုပ်သင့်တာ အကုန်လုပ်၊ မဖြစ်သင့်တာ ဖြစ်တော့တာပါပဲ။ ဖျက်ဆီးမယ်၊ သတ်ဆိုလည်းသတ်တဲ့အထိ ဖြစ်သွားတယ်၊၊ အာဃာတဆိုတဲ့တရားဆိုး ကြီးထွားလာခြင်းက ဒေါသမူလကြောင့်ပါ။ အာဃာတဆိုတာ တစ်စုံတစ်ယောက် အပေါ် ဒေါသထွက်ပြီး အကြီးအကျယ် မကျေမနပ်ဖြစ်ရာကနေ တစ်ချိန်ချိန်မှာ အန္တရာယ်ပေးဖို့အထိ စိတ်ထဲ တေးမှတ်ထားခြင်း ဖြစ်ပါတယ်။ အာဃာတကျော့ကွင်းမှာ အမိခံရရင် ရုန်းထွက်ရခက်နိုင်သလို အာဃာတ မိုးတိမ်အောက် ရောက်သွားရင်လည်း အမှောင်ထုထဲရောက်ရသလို ပါပဲ၊ အပါယ်သို့သာ လားရပါတော့တယ်၊၊

 

တစ်စုံတစ်ဦးအပေါ်မှာ ဒေါသကြောင့် သေစေလိုတဲ့စိတ် ဖြစ်မိသွားတာက ဗျာပါဒပါ။ အာဃာတ ထက်ဆိုးတဲ့ ဗျာပါဒပါ။ တစ်ချိန်လုံးဖြစ်နေတဲ့ မကျေမနပ်စိတ်တွေကြောင့် အလွန်ဆိုးရွားတဲ့ ထိုအကုသိုလ်အမှုကြီးတွေ ဆက်တိုက်ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဒေါသရဲ့နောက်ဆက်တွဲ အကုသိုလ်တရားတွေဟာ အလွန်ဆိုးရွားလှတဲ့ အတွက် ဒေါသရဲ့ထိုအပြစ်တွေကို ဦးစွာဆင်ခြင်နိုင်ဖို့ လိုလာပါပြီ။ ဒေါသကြီးနေတဲ့လူတစ်ယောက်ဟာ အကြောင်းအကျိုးကိုမသိတော့တဲ့အပြင် အကောင်းအဆိုးကိုပါ မမြင်နိုင်တော့တဲ့အတွက် ဘေးက ကြည့်ရင် အလွန်ရှက်စရာကောင်းလှပြီး ကြောက်စရာလည်း ကောင်းနေပါတယ်။

 

ဒါကြောင့် သူ့ရဲ့ဒေါသကို ပြန်လည်တုံ့ပြန်ရာမှာ သတိပြုဖို့လိုပါမယ်။ ကြမ်းတမ်းခက်ထန်တဲ့သူရဲ့ အပြုအမူ၊ အပြောအဆိုအပေါ်မှာ စိတ်ကိုမထိန်းဘဲ မိမိကပြန်ပြီး ဒေါသနဲ့တုံ့ပြန်လိုက်ခြင်းဟာ သူနဲ့အပြိုင် ယုတ်မာတဲ့ သဘောပဲဖြစ်သွားပါတယ်။ ပိုပြီးယုတ်မာတဲ့သူလည်း ဖြစ်သွားနိုင်တယ်။ ဆင်ခြင်နိုင်ဖို့ပါ။ သူမိုက်အမှု ငါပြန်ပြုရင် ငါလည်းသူ့လိုလူမိုက်ဖြစ်ရမှာပဲလေ။ ဒါ့အပြင် ဒေါသထွက်နေခိုက်မှာ သူ့ကျေးဇူးနဲ့ သူက ကိုယ့် အပေါ် ကောင်းခဲ့တာတွေကို မေ့လျော့နေတတ်ပါတယ်၊ သူ့အပြစ်ကိုသာ မြင်နေတတ်တဲ့အတွက် အကုသိုလ်က ပိုကြီးသွားပါတယ်။ ဒေါသအပြစ်အားလုံးကို ခြုံကြည့်လိုက်ရင် ကျက်သရေမင်္ဂလာမရှိ၊ မနှစ်မြို့စရာ အသွင် အပြင်ကိုသာ တွေ့မြင်ရပါလိမ့်မယ်။ ဒါကြောင့်ဒေါသရဲ့အပြစ်ကို ဒေါသဖြစ်တိုင်းဖြစ်မိတိုင်းမှာ ဖြစ်တာနဲ့ ချက်ချင်းသိ၊ သတိလေးကပ်ပြီး ဆင်ခြင်တဲ့အကျင့်လေးနဲ့ နေကြည့်လိုက်ပါ။ အကျိုးများစွာထူးပါတယ်။ ဒေါသရဲ့ အပြစ်ကို ဆင်ခြင်နေမှလည်း ပို့သတဲ့မေတ္တာ၊ ပွားလိုက်တဲ့မေတ္တာက အစွမ်းထက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကာလ၊ အခုလိုဒေါသ အာဃာတထူပြောရာ အခြေအနေမျိုးမှာ ဒေါသရဲ့အပြစ်ကို များများဆင်ခြင်နိုင်လေ ကောင်းလေပါပဲ။

 

သည်းခံခြင်းရဲ့အကျိုး

 

ဒေါသရဲ့အပြစ်ကို ဆင်ခြင်ခြင်းအပြင် သည်းခံခြင်းရဲ့ အကျိုးကျေးဇူးကို ဆင်ခြင်ခြင်းဖြင့်လည်း နောက်ဆက်တွဲ ဖြစ်လာမယ့် အကုသိုလ်တွေကို ရှောင်ရှားနိုင်ပါတယ်။ သည်းခံတတ်ခြင်းကြောင့် မေတ္တာပို့ရတာ၊ မေတ္တာ ပွားရတာ ပိုထိရောက်ပါတယ်။ ချုပ်တည်းခြင်းမည်တဲ့ သည်းခံခြင်းဆိုတာ အမြတ်ဆုံးသော အကျင့်တစ်ခုဖြစ်ပြီး စိတ်ဓာတ် ခွန်အားကို တိုးပွားစေပါတယ်။ ကိုယ့်အပေါ် တစ်ခုခုဒေါသဖြစ်စရာကြုံလာတဲ့အခါ သူမသိလို့ ပြောတာပဲ၊ သူနားမလည်လို့ လုပ်မိတာပဲ၊ သူ့မှာလည်း ကောင်းတာတွေရှိခဲ့တာပဲ၊ ငါလည်း သူ့နေရာမှာ ဆိုရင်ရောဆိုတဲ့ အကောင်းကိုသာယူပြီး အဆိုးကို မယူတဲ့ ဆင်ခြင်မှုမျိုးဟာ တကယ့်သည်းခံခြင်းပါပဲ။

 

ဒေါသကိုဖြေဖျောက်ဖို့

 

အမှန်တော့ ကျွန်တော်တို့ပါဝင်ပတ်သက်နေတဲ့ ဝန်းကျင်မှာက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာ ဆိုးတွေ အများဆုံးလွှမ်းမိုးနေတယ်လို့ထင်မိတယ်။ များသောအားဖြင့် သည်းခံစွမ်းအားနည်းကြပြီး စိတ်တွေ မငြိမ်းချမ်းကြပါဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့ဝေးနေသလို ထင်ရ တယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေနဲ့ ဆရာတော် ကြီးတွေရဲ့သြဝါဒတွေကို ထက်ထက်သန်သန်နဲ့ နာယူဆင်ခြင်နိုင်ရင် အမျက်ဒေါသကို ပယ်ဖျောက် နိုင်ပါတယ်။ မိမိခန္ဓာထိခိုက်ခံရရင်တောင် ကိုယ်သာနာစေပြီး စိတ်မနာမိအောင် သတိထားခြင်းဟာ ကောင်းသောဆင်ခြင်မှုဖြစ်ပြီး ကုသိုလ်စိတ်ကို ဖြစ်စေပါတယ်။

 

သူ့ဒေါသကို လိုက်ပါမတုပဘဲ သူ့အကုသိုလ်ကနေ၊ ကိုယ့်အကုသိုလ်မဖြစ်မိအောင် ဆင်ခြင်လိုက်တဲ့ သဘောပါပဲ။ ကိုယ့်ဘက်က မခံချင်စရာဖြစ်တဲ့အခါ သူ့ကိုချည်းမမုန်းပါနဲ့ ဒေါသလည်း မထွက်ပါနဲ့လား။ ကိုယ့်ကိုယ်ကိုယ်သာ ပြန်ဆုံးမပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ကံသာအမွေ၊ ကံသာကိုယ်ပိုင်ဥစ္စာလို့ ခံယူထားသူတွေဖြစ်ပါတယ်။ ကိုယ်ပြုခဲ့ဖူးတဲ့အတိတ်ကံကြောင့် ကိုယ့်ဆီလာနေတဲ့ သူ့ဒေါသကို ကိုယ်က ဒေါသနဲ့ ပြန်တုံ့ပြန်လိုက်ရင် ထိုကံအမွေကို နောင်ဘဝအတွက် ဆက်ခံသူဟာ ကိုယ်သာဖြစ်သွားပါလိမ့်မယ်။ သူ့ကို မီးနဲ့ပစ်ဖို့ ကြိုးစားလျှင် ကိုယ်ပဲအရင်ပူ၊ အရင်လောင်မယ့်သဘောပါပဲ။ သတိထားဆင်ခြင်မိဖို့ပါ။ ဒေါသကို ဖြေဖျောက်ဖို့ နောက်ထပ်ဆင်ခြင် ရန်အချက်တွေ ရှိပါသေးတယ်။ ဒေါသဖြစ်မယ့် အခြေအနေ မရောက်ခင် မှာတင် အထက်မှာပူဇော်ခဲ့တဲ့ မေတ္တာရဲ့ အကျိုးအာနိသင်တွေကို သတိတရနဲ့ အောက်မေ့ဆင်ခြင်စေလို ပါတယ်။ ထွက်မယ့်ဒေါသ ပြေပျောက်သွားနိုင်ပါတယ်။ ဒါ့အပြင် ယခုဘဝလာဆုံနေကြရတဲ့သူတွေ၊ ကိုယ်မုန်း နေတဲ့သူ၊ ရန်သူအပါအဝင် ဆင်ခြင်ရမှာက ကျွန်တော်တို့ အားလုံးကိလေသာရဲ့ကျွန်ဖြစ်ခဲ့သူ၊ ဖြစ်နေကြသူချည်း ပါပဲ။ ယခုဘဝမှာ ပတ်သက်နေသူ အားလုံးဟာ အတိတ်ဘဝ၊ ဘဝတွေမှာ ဆွေမျိုးတော်ခဲ့ကြဖူးတယ်။ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမ၊ သားတွေ၊ သမီးတွေ ဖြစ်ခဲ့ကြဖူးမယ်။ တကယ်လည်း မတော်စပ်ခဲ့ဖူးသူ မရှိဘူးလို့ မြတ်စွာဘုရားရဲ့ ဟောကြားထားချက်အရ သိရှိရပါတယ်။

 

ဒါ့အပြင် ကျွန်တော်တို့ဟာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဆိုတာမရှိ။ နာမ်နဲ့ရုပ်သာရှိတယ် လို့ နာယူခဲ့ရတဲ့ ဓမ္မအသိကတစ်ဆင့် ဒေါသဖြစ်ရတာ၊ ဒေါသစေတသိက်က သူ့အလုပ်သူလုပ်နေတာပါ လားဆိုတဲ့ ဓမ္မနဲ့ယှဉ်တဲ့ ကုသိုလ်အကျင့်ကို ပြုမိစေပြန်တယ်။ ဒါဆို ဘယ်သူက၊ ဘယ်သူ့ကို ဒေါသထွက် ရမှာလဲဆိုတဲ့ ဆင်ခြင်မှုဖြစ်ပြီး အမျက်ကို ပြေပျောက်စေပြန်ပါတယ်။

 

နောက်ထပ် ဒေါသကို ဖြေဖျောက်နည်းတစ်ခုကတော့ ဘာမှမမြဲတဲ့အနိစ္စသဘောပါပဲ။ ကြားရ၊ မြင်ရတဲ့ အာရုံ အားလုံးဟာ တိုက်ဆိုင်မှုတွေကြောင့်သာပါ။ အကြောင်းရှိလို့ အကျိုးဖြစ်ရသလိုဖြစ်ပြီးလည်း ပျက်သွားတဲ့ သဘောကို ဆင်ခြင်နိုင်ရင် မိမိရဲ့အမျက်ဒေါသဟာ ကျေပျက်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့အားလုံးမှာ ရှိနေတဲ့ မကောင်းတဲ့အမျက်ဒေါသတွေကို ချေဖျက်ပြီး ကောင်းသောဆင်ခြင်မှုနဲ့ မေတ္တာပွားနိုင်အောင် ဆက်လက် ကြိုးစားနိုင်ပါတယ်။

 

အချုပ်အားဖြင့်ဆိုရရင် ကျွန်တော်တို့အားလုံး လူဖြစ်အခိုက်၊ သာသနာတော်နဲ့ ကြုံရဆုံရခဏလေးမှာ မေတ္တာတရားနဲ့အတူ ဉာဏ်အလင်းလည်းရပြီး အကျိုးမဲ့လမ်းမှားကို ရှောင်နိုင်ကြဖို့ဖြစ်ပါတယ်။ ပင်ပန်းဆင်းရဲလှတဲ့ ဒုက္ခဝန်းကျင်ကြီးမှာ ဒေါသရဲ့ အစေခံတွေ မဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။ ဒါကြောင့်လည်း ဝါခေါင်လအခါသမယ မေတ္တာအခါတော်ကာလမှာ လုံးစုံများစွာ သတ္တဝါတို့ ဘေးရန်ကင်းကြပြီး စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကင်းကာ ချမ်းသာသုခနဲ့ ပြည့်စုံကြ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေလို့သာ မေတ္တာဘာဝနာပွားများလျက် ပူဇော်အထူးပြုလိုက်ရပါတယ်။