ဆိုးလ်၊ ဩဂုတ် ၁၉
ကိုရီးယားကျွန်းဆွယ်တွင် အရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် တောင်ကိုရီးယားနှင့် အမေရိကန်တပ်မတော်တပ်ဖွဲ့များသည် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
Ulchi Freedom Shield military exercise ဟုအမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၌ ဩဂုတ် ၁၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဟု သိရသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှုအပါအဝင် မြေပြင်လေ့ကျင့်မှု ၄၈ ခုပါဝင်ပြီး ရည်ရွယ်ချက်မှာ တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် မြောက်ကိုရီးယား၏ နျူကလီးယားတိုက်ခိုက်မှုမှ ကာကွယ်ရန်ဖြစ်ကြောင်းသိရသည်။ ယခုလေ့ကျင့်မှုအတွင်း နိုင်ငံသားများအား ဘေးလွတ်ရာသို့ ကယ်ဆယ်သည့်လေ့ကျင့်ခန်းများ ပါဝင်မည် ဖြစ်သည်။ ယခုစစ်ရေးလေ့ကျင့်မှုအား ကျူးကျော်စစ်ဆင်နွှဲရန် အတွက်လေ့ကျင့်ခြင်းဟု မြောက်ကိုရီးယားက ရှုတ်ချခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ စစ်ရေးလေ့ကျင့်မှုများ များပြားလာသည်နှင့်အမျှ မိမိနိုင်ငံ ကိုကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ