မောင်မောင်စွယ်စုံထွန်း
ယခုအခါ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုများဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင်ပြီးရော” ဆိုသကဲ့သို့ မိမိတို့အကျိုး စီးပွားအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက် ရှိနေကြပါသည်။
တရားမဝင်ဓာတ်အားသုံးစွဲမှုများသည် နှစ်စဉ်တိုးပွားလာနေပြီး ယခုအခါ တရားမဝင်သုံးစွဲမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးဖော်ထုတ်လျက်ရှိရာ အမှုပေါင်းသောင်းနှင့်ချီ စစ်ဆေးတွေ့ရှိ နေရသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ယူနစ်ပေါင်း သန်းနှင့်ချီ ဆုံးရှုံးရပြီး ဓာတ်အားခဘီလီယံနှင့်ချီ နစ်နာကြေးတောင်းခံနေရသည်ကို တွေ့ရှိနေရပါသည်။ သို့ဖြစ်၍ ယခုအခါ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က အထူးကြပ်မတ်၍ စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိပြီးသူအချို့ကလည်း မီတာများမသမာသည့် နည်းလမ်းများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေသလို လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် မရရှိသေးသူများကလည်း တိုက်ရိုက်ချိတ်ဆက် ခိုးယူသုံးစွဲနေကြပါသည်။ တရားမဝင်ခိုးယူသုံးစွဲမှုများကို လေ့လာရာတွင် တိုက်ရိုက်ခိုးယူ သုံးစွဲမှုများသည် အများဆုံးဖြစ်ပြီး ဝန်ပိုသုံးစွဲခြင်း၊ ဆင့်ပွားသုံးစွဲခြင်း၊ ရှန့်လင့်ခွာ၍ ခိုးယူသုံးစွဲခြင်း၊ မီတာခွ ထောက်ပြုလုပ်သုံးစွဲခြင်း၊ ကာဗာဆီးလ်ဖြုတ် အတွင်းပြုပြင် သုံးစွဲခြင်းများကိုလည်း အထိုက်အလျောက် တွေ့ရှိနေရပါသည်။
မီတာတပ်ဆင်ထားပြီး ဓာတ်အားခအပြည့်အဝ မပေးရအောင်၊ မီတာသုံးစွဲ ယူနစ်မတက်အောင်၊ အလည်နှေးအောင် စသည်ဖြင့်နည်းမျိုးစုံဖြင့် ခိုးယူသုံးစွဲနေသည်ကိုလည်း စစ်ဆေးတွေ့ရှိနေရပါသည်။ လျှပ်စစ်ဥပဒေအရ တရားမဝင်ဓာတ်အား သုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့လျှင် နေအိမ်ဖြစ်စေ၊ စက်ရုံ/လုပ်ငန်းဖြစ်စေ တပ်ဆင်သုံးစွဲထားသော ဝန်အားပမာဏအပေါ်အခြေခံ၍ တစ်နေ့ရှစ်နာရီ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ သုံးသည်ဟု မှတ်ယူ၍ တစ်နှစ်စာနောက်ကြောင်းပြန် တွက်ချက်လျက် လျော်ကြေးများကောက်ခံသွားမည် ဖြစ်သလို လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခံရခြင်း၊ သတ်မှတ်ဒဏ်ကြေးများကို ပေးဆောင်ရခြင်း အပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည့်အပြင် မီးသုံးစွဲမှုလည်း ဖြတ်တောက်ခံရမည်ဖြစ်ပါသည်။
ထိုသို့ မီတာတပ်ဆင်ပြီး ခိုးယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရာတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်နေပါက စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး၍ အလုပ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်း စသည်တို့ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။ မီတာတပ်ဆင်ခြင်းမရှိဘဲ တိုက်ရိုက်ခိုးယူသုံးစွဲခြင်းသည် ပြည်သူပိုင်ပစ္စည်းအား ခိုးယူခြင်းဖြစ်၍ ဥပဒေကြောင်းအရ ရဲစခန်း၌ အမှုဖွင့်၍ တရားရုံးတွင် တရားစွဲဆိုနိုင်ပြီး လိုအပ်ပါက လျှပ်စစ် ဥပဒေသာမက အခြားသောပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေများဖြင့်ပါ တရားစွဲဆိုသွားမည်ဟုလည်း သိရှိရပါသည်။
ထိုကဲ့သို့ နည်းအမျိုးမျိုးဖြင့် တရားမဝင် ဓာတ်အားသုံးစွဲသူများသည် မီတာခကုန်ကျစရိတ်မရှိသဖြင့် ဓာတ်အားရရှိချိန်တွင် အတိုင်းအဆမရှိ အလွန်အကျွံသုံးစွဲကြခြင်းကြောင့် နိုင်ငံ၏ဓာတ်အားမလုံလောက်မှုကို ပိုမိုဆိုးရွားသွားစေပါသည်။ သို့ဖြစ်၍ လျှပ်စစ်မီး ပြည့်ဝစွာသုံးစွဲလိုသည့် တရားဝင်မီတာဖြင့် မှန်မှန်ကန်ကန် သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီးကို ချွေတာသုံးစွဲရုံသာမက တရားမဝင် ဓာတ်အားခိုးယူသုံးစွဲနေမှုများကြောင့် ဓာတ်အားမလုံမလောက်ဖြစ်ပေါ်စေခြင်းကို သိမြင်နားလည်ကြပြီး လျှပ်စစ်ဌာနသို့ သတင်းပေးဖော်ထုတ်တိုင်ကြား အသိပေးခြင်းဖြင့် ဓာတ်အား မလုံလောက်နေချိန်တွင် ပိုမိုသုံးစွဲလာနိုင်ရုံမက ဆေးရုံ၊ စာသင်ကျောင်း စသည့်လျှပ်စစ်မီး အရေးကြီးလိုအပ်သော နေရာများသို့ပါ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိ ခံစားလာနိုင်မည်ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် တရားမဝင်ဓာတ်အားသုံး စွဲမှုများကြောင့် ဓာတ်အားများပျောက်ဆုံး၍ နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့ကျခြင်း၊ ဗို့အားများကျဆင်းခြင်း၊ ထရန်စဖော်မာများ ဝန်အား မနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးခြင်းများစွာကို ဖြစ်ပေါ်စေ၍ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် မီးဘေးအန္တရာယ်များ၊ ဓာတ်လိုက်မှု အန္တရာယ်များလည်း များစွာဖြစ်ပွားလျက်ရှိနေ သဖြင့် တရားမဝင်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိ ရပါက ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ (၅၂) နှင့် (၅၃)တို့အရ ထိရောက်စွာ အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်လျက်ရှိပါသည်။
ဤနေရာတွင် အဆိုပါပုဒ်မ(၂)ခုအား ပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုပါသည်-
ပုဒ်မ(၅၂)။ ။ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှလျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်းမပြုရ။ (လျှပ်စစ်ဓာတ်အားတိုက်ရိုက် ခိုးယူသုံးစွဲခြင်း မပြုလုပ်ရန် တားမြစ်ခြင်း ဖြစ်ပါသည်။)
ပုဒ်မ(၅၃)။ ။ မည်သူမျှ လျှပ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့် လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းမပြုရ။ (ဓာတ်အားလိုင်းများမှ တရားမဝင် ချိတ်ဆွဲသွယ်တန်းသုံးစွဲခြင်း၊ လျှပ်စစ်မီတာအား မသမာမှုပြုလုပ်၍ ဓာတ်အားခိုးယူခြင်း စသည်တို့အား မပြုလုပ်ရန်တားမြစ်ခြင်းဖြစ်ပါသည်။)
အဆိုပါဥပဒေအရ ပုဒ်မ (၅၂) အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၂) အရ ပထမအကြိမ် ကျူးလွန်ပါက ငွေဒဏ်ချမှတ်နိုင်သော်လည်း၊ ဒုတိယအကြိမ် ထပ်မံကျူးလွန်ကြောင်း တွေ့ရှိရလျှင် ငွေဒဏ်အပြင် (၂) နှစ်အထိ ထောင်ဒဏ်ကိုပါ ချမှတ်သွားလိမ့်မည် ဖြစ်သည်။ ပုဒ်မ (၅၃) အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၃) အရအနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၀) နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။ ပုဒ်မ(၆၄) အရ အားပေးကူညီကြောင်း ပြစ်မှု ထင်ရှားသူသည် သက်ဆိုင်ရာပြစ်မှုပါပြစ်ဒဏ်အတိုင်း တစ်ပြေးညီထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်သွားလိမ့်မည်ဖြစ်ရာ မီးကိုမသိ၍ကိုင်တွယ်မိပါက ပူမည်ဖြစ်သကဲ့သို့ ဥပဒေကိုမသိ၍ လုပ်မိပါသည်ဟု ထုချေ၍ရလိမ့်မည်မဟုတ်ပါ။
အများပြည်သူများအား အသိပညာ မျှဝေလိုသည်မှာ လက်ရှိလျှပ်စစ်ဝန်ထမ်းဖြစ်စေ၊ ဝန်ထမ်းဟောင်းဖြစ်စေ၊ လျှပ်စစ်လုပ်ငန်း တတ်သိနားလည်သူတစ်ဦးဦးကဖြစ်စေ ခွင့်ပြုချက်မရှိဘဲ မီတာကို တရားမဝင်ဖြုတ်၍ Seal ကိုဖြတ်ခြင်း/ ပြုပြင်ခြင်းဆောင်ရွက်ပြီး မီတာအတွင်း မီတာယူနစ်မတက်အောင်ပြုပြင်ခြင်းသည် လျှပ်စစ်ဥပဒေ အရ လျှပ်စီးကြောင်း လွှဲပြောင်းခြင်းဖြစ်သဖြင့် ချက်ချင်း အချုပ်အနှောင်ခံရနိုင်သည်ကို သေသေချာချာ သိရှိနားလည်ကြစေလိုပါသည်။
ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တရားမဝင် ဓာတ်အားသုံးစွဲမှုကို အရေးယူရမည့် လုပ်ထုံးလုပ်နည်း “ရုံးအမိန့်စာ” အမိန့်အမှတ် ၅၀၄/၂၀၀၉ ညွှန်ကြားချက်အရလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စီမံခန့်ခွဲရေး နည်းလမ်းအရ တစ်ပေါင်းတည်း အရေးယူခြင်းကိုလည်း ခံကြရပါလိမ့်မည်။
အဆိုပါအမိန့်စာ (ညွှန်ကြားချက်) အရ ပြည်သူအချို့ဆောင်ရွက်လျက်ရှိသော တရားမဝင်သုံးစွဲမှုများမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်း၊ ဆင့်ပွားဓာတ်အားဆက်သွယ်သုံးစွဲခြင်း၊ အထွေထွေအိမ်သုံး မီတာ/ အိမ်သုံးပါဝါမီတာမှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ မီတာခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း၊ မီတာအမျိုးမျိုးကို ပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲခြင်း၊ ကန့်သတ်ထားသောအချိန်တွင် စက်မှုလက်မှု လုပ်ငန်းများအတွက် ဓာတ်အားရယူသုံးစွဲခြင်း၊ ဓာတ်အားအလှည့်ကျ ပိတ်ထားချိန်တွင် မိမိသဘောဖြင့် မိမိဓာတ်အား ရယူသုံးစွဲခြင်း၊ ဓာတ်အားလိုင်းနှစ်လိုင်း သို့မဟုတ် နှစ်လိုင်းနှင့်အထက် ဆွဲထားခြင်း၊ မီတာအမျိုးမျိုးကို ချွတ်ယွင်းမှု (Tampered) ဖြစ်အောင် တရားမဝင်ပြုလုပ်ခြင်း၊ မီတာနှင့် တွဲဖက် အသုံးပြုရသော လျှပ်စစ်ပစ္စည်းများကို မူလအနေအထားပျက်ယွင်းအောင်ပြုပြင်မှု (Tampered) ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။ အထက်ဖော်ပြပါအတိုင်း မသမာသောနည်းလမ်းတစ်ခုခုဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင် သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် ဝန်ကြီးဌာနမှ အဆိုပါအမိန့်စာပါ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းဖြင့်လည်း ထပ်မံအရေးယူဆောင်ရွက်သွားတော့မည်ဟု သိရှိရပါသည်။
ယခင်ကာလများက မီတာများကို ပြင်ပမှသာ မသမာမှုပြုလုပ်ကြခြင်းဖြစ်ပြီး မီတာယူနစ်မတက်အောင် မီတာမရောက်မီ အဝင်မှသုံးစွဲခြင်း (By pass)၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုးကို ခွထောက်ပြု လုပ်သုံးစွဲခြင်းများ၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုး ပြောင်းပြန်တပ်ဆင်သုံးစွဲခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းကာလများတွင် မီတာအတွင်းသို့ပါပြုပြင်၍ Tampered ဖြစ်အောင် သုံးစွဲနေကြသူများအား အများအပြားတွေ့ရှိနေရပြီလည်းဖြစ်သည်။
သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားခမပေးရအောင် နည်းအမျိုးမျိုးဖြင့် ပြုပြင်သုံးစွဲခြင်းများသည် တရားမဝင် ဓာတ်အား သုံးစွဲခြင်းများဖြစ်၍ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မများအရ ပြစ်ဒဏ်ထိုက်သင့်သည့် အပြင် ၂၀၀၉ ခုနှစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်အရလည်း စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခံရမည်ကို ပြည်သူအများ သိရှိနားလည်သဘောပေါက်ကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ မီတာများတွင် ပြုပြင်မရနိုင်စေရန် အသုံးပြုသော Seal များ အကြောင်းကိုလည်း အနည်းငယ်ရှင်းပြလိုပါသည်။ ယခုအခါဒစ်ဂျစ်တယ်မီတာများသည် electronics စနစ်သုံးများဖြစ်ရာ မီတာအတွင်းပိုင်းသို့ဖွင့်၍ ပြုပြင်မှုများရှိသဖြင့် မီတာကို cover seal ခတ်ထားပါသည်။ မီတာ၏ Body cover ကို ဖွင့်မရအောင် ခတ်ထားသော Seal များဖြစ်ပြီး မီတာစတင်ထုတ် ပေးစဉ်ကတည်းကတပ်ဆင်ပြီးပါလာသောseal ဖြစ်၍ မည်သူမှ ဖွင့်ခွင့်မရှိသော seal ဖြစ်ပါသည်။ ဒုတိယ အဆင့်အနေဖြင့် Terminal seal ခတ်ထားပါသည်။ Terminal seal မှာ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဝန်ထမ်းများခတ်ထားသော Seal ဖြစ်ပြီး တာဝန်ရှိသူမှအပ ဖွင့်ခွင့်မရှိပါ။ နောက်တစ်မျိုးမှာ မီတာတပ်ဆင်ထားသည့် Box ကို ခတ်သော Box Seal ဖြစ်ပြီး Terminal Seal ကဲ့သို့ပင်ဖြစ်သည်။ ထိုသို့ Seal များ အဆင့်ဆင့်ခတ်၍ပြုလုပ်ထားသော မီတာကို seal ပျက်စီးနေလျှင်၊ seal မရှိတော့လျှင် Tempered ဟုသတ်မှတ်ပြီး သတ်မှတ်ထားသည့် စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် အရေးယူခြင်း ခံရမည်ဖြစ်သည်။
မီတာမရှိဘဲ တိုက်ရိုက်လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်းအတွက် တပ်ဆင်ဝန်အားအရ ၁၂ နာရီ နှုန်းဖြင့် တစ်နှစ်စာ လျော်ကြေးတောင်းခံမည် ဖြစ်သလို တရားစွဲဆိုခြင်းကိုပါခံကြရပါမည်။ မီတာရှိပြီး တရားမဝင် သုံးစွဲခြင်းအတွက် တပ်ဆင်ဝန်အားအရ တစ်နေ့ရှစ်နာရီနှုန်းဖြင့် တစ်နှစ်စာ လျော်ကြေး တောင်းခံမည် ဖြစ်သည့်အပြင် ဒဏ်ကြေးနှင့် အစားထိုးတပ်ဆင်ခများကိုပါ ပေးဆောင်ကြရမည်ဖြစ်ပါသည်။ လျော်ကြေးတောင်းခံပုံမှာ- လျော်ကြေး = တပ်ဆင်ဝန်အား (KW) x ၁၂ နာရီ (ဓာတ်အား သုံးစွဲချိန်) x ၃၆၅ ရက် x အမြင့်ဆုံးဓာတ်အားခနှုန်းဟု တွက်ချက်ပါသည်။ မီတာရှိပြီး တရားမဝင်သုံးစွဲခြင်းအတွက် ဓာတ်အား သုံးစွဲချိန်ကို တစ်နေ့ရှစ်နာရီဖြင့် ပြောင်းလဲတွက်ချက်မည်ဖြစ်ပါသည်။ Over Load ဖြင့်ဆိုလျှင် အစားထိုးတပ်ဆင်ခ သုံးဆပေးသွင်းရခြင်း၊ ရိုးရိုး Tampered ဖြစ်ခြင်းအတွက် ဒဏ်ကြေး ၅၀၀၀၀ ပါ ပေးသွင်းရခြင်း စသည့်အခြားသော သတ်မှတ်ချက်များလည်း ရှိလာမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ တရားမဝင် သုံးစွဲမှုများသည် တစ်နေ့တခြား များပြားလာလျက်ရှိနေခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်ခန့်က NEP နှင့်ပတ်သက်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်စောင်တွင် မြန်မာပြည်သူများသည် လျှပ်စစ်နှင့်ပတ်သက်၍ ဗဟုသုတလွန်စွာ နည်းပါးလှပြီး ဓာတ်အားခ ပေးဆောင်နေခြင်းကို အခပေးရသည်ဟုမထင်ဘဲ အခွန်ပေးဆောင်နေရသည်ဟု ထင်မြင်ယူဆနေကြကြောင်း၊ လျှပ်စစ်သုံးစွဲခြင်းအား ရပိုင်ခွင့်တစ်ခုကဲ့သို့ ယူဆနေကြကြောင်း စသည်ဖြင့် ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ဖူးရာ များစွာဝမ်းနည်း ဖွယ်ရာကောင်းလှပါသည်။
ထိုကဲ့သို့ လျှပ်စစ်ဆိုင်ရာ ဗဟုသုတနည်းပါးခြင်းကြောင့် မိမိတို့ဆောင်ရွက်မှု၏ အကျိုးဆက်ကို မသိမြင်ကြတော့ဘဲ မိမိအဆင်ပြေလျှင်ပြီးရော စိတ်ဓာတ်ဖြင့် တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲခြင်းများကို ဖြစ်ပေါ်လာစေသည်ဟုလည်း စာရေးသူအနေဖြင့်လည်း ယူဆမိပါသည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဆိုင်ရာ ဗဟုသုတ ပညာပေးလုပ်ငန်းများကို များစွာဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆမိပါသဖြင့် အထက်ဖော်ပြပါ တရားမဝင်သုံးစွဲမှုများအား မပြုလုပ်မိကြစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။