မောင်သောင်းဝင်း(တမန်ဟောင်း)
ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါသည်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ တတိယ သီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တ ပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။
လူတိုင်းအတွက်အာဟာရ
အာဟာရဓာတ်ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန်ကျန်းမာရေးအတွက် လိုအပ်သော ဩဇာဓာတ်ပင် ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါဘယ ကာကွယ်ရေးအတွက် လိုအပ်သည့် အာဟာရကို အစားအစာများ စားသုံးရာမှရရှိခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရ ရရှိရန် အစားအစာကို ဝဝလင်လင်လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့်အစာမှ အာဟာရ လုံလောက်စွာမရရှိလျှင်ဖြစ်စေ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာသည်။ မကြိုက်သည့်အစားအစာဖြစ်၍ မစားခြင်း၊ ကြိုက်သည့်အစားအစာ အနည်းငယ်မျှ ကိုသာ စားနေခြင်း၊ အစာရှောင်ခြင်း စသည်တို့ကြောင့် အစားအစာကို အမည်စုံအောင် မစားဖြစ် သည့်အခါ အာဟာရဓာတ်တစ်ခုခု ချို့တဲ့ခြင်းတို့လည်း ဖြစ်စေသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးလိုအပ်
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းသည် တစ်သိန်းလျှင် ၂၈၂ ဦးရှိခြင်းကြောင့် အရှေ့တောင်အာရှဒေသတွင် ဒုတိယအမြင့်မားဆုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားစဉ် မိခင်ပျမ်းမျှ သေဆုံးမှုနှုန်း တစ်သိန်းလျှင် ၁၄၀ ထက် နှစ်ဆကျော်လွန်နေသည်။ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်တို့ အာဟာရချို့တဲ့ပါက မိခင်ရော ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး တစ်ခါတစ်ရံ တွင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့်လိုအပ်သည့်အာဟာရရရှိရန် အစားအစာကို ဝဝလင်လင် လုံလောက်စွာ စားသုံးရန် လိုအပ်သည်။
ကိုယ်ဝန်ဆောင်မိခင်အချို့သည် ကလေးထွားလျှင် မွေးရခက်မည်ကိုစိုးရိမ်သဖြင့် အစားလျှောခြင်း၊ ရှောင်ခြင်းတို့သည့် မှားယွင်းသော အယူအဆ ပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်အချိန်ထက် တစ်နပ်ပို၍စားရန်နှင့် အာဟာရဓာတ် အစုံအလင်ပါဝင်အောင် နေ့စဉ်စားသုံးရန် ပညာရှင်များက တိုက်တွန်းထားသည်။ ဖောလစ် အက်စစ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲလ်၊ ဇင့်ဓာတ်ပါ ဆေးဝါး တို့ကို ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့် သောက်ရန်လည်း လိုအပ်သည်။
မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှုများ (ဥပမာ- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ) ဖြစ်ခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်း စတင်သိရှိချိန်မှစ၍ သံဓာတ် ၆ဝ မီလီဂရမ်နှင့် ဖောလစ်အက်စစ် (၄၀၀ မိုက်ခရို ဂရမ်) ဆေးပြားကို တစ်နေ့တစ်ပြား နေ့စဉ်သောက် ပေးရန်လိုအပ်သည်။ ကိုယ်ဝန်သုံးလနောက်ပိုင်း တွင် သန်ချဆေးပြား (Mebendazole 500 mg) တစ်ကြိမ် သောက်သုံးရန်လိုအပ်သည်။ ကိုယ်ဝန် ကိုးလမှစ၍ ကလေးမွေးဖွားပြီး သုံးလအထိ ဗီတာမင်ဘီဝမ်းဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ်သောက်သုံးရန် လိုအပ်သည်။
နို့တိုက်မိခင်သည်လည်း မိမိအတွက်ရော ကလေးအတွက်ပါ အာဟာရဓာတ်လုံလောက်စွာ ရရှိစေရန် အစားကိုပိုစားရန်နှင့် အစားမရှောင်ရန်၊ မီးဖွားပြီးတစ်လအတွင်း အင်အားပြည့် ဗီတာမင်အေ ယူနစ်နှစ်သိန်း ပါသော ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ရန်နှင့် မီးဖွားပြီးသုံးလအထိ ဗီတာမင်ဘီဝမ်းအားဆေး နေ့စဉ် သောက်ရန်လည်း ကျန်းမာရေးဆိုင်ရာပညာရှင်များက တိုက်တွန်း ထားရှိသည်။
နို့တိုက်မိခင်သည် ငန်လွန်းသောအစာမှလွဲ၍ အစားလုံးဝရှောင်ရန်မလိုပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သောအာဟာရများ ပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင်ဘဝထက် အင်အားပြည့်စားရန် လိုအပ်သည်။ အင်အားဖြစ်စေသော အစာ၊ ခန္ဓာကိုယ် ကြီးထွားစေသော အစာနှင့် ရောဂါကာကွယ်စေသော အစာ စသည့်အစာအုပ်စု သုံးမျိုးစလုံးပါအောင် စားသောက်ရမည် ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားသုံးရန်လိုအပ်သည်။
ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင် ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ကာလများအတွင်း အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ လမစေ့၊ ပေါင်မပြည့်သောကလေး မွေးဖွား တတ်သည်။ ထို့ကြောင့်သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် သံဓာတ် ကြွယ်ဝသော အစားအစာများကို နေ့စဉစားသုံးရန်လိုအပ်သည်။ အသား၊ အသည်းနှင့် သွေးခဲတို့သည် သံဓာတ် အထူးကြွယ်ဝသဖြင့် တတ်နိုင်သမျှ စားသုံးသင့်သည်။ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက် စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးသည် သံဓာတ်အတော်အတန် ကြွယ်ဝသဖြင့် နေ့စဉ်စားသုံးသင့်သည်။ အသားဓာတ်နှင့် အချဉ်ဓာတ် (ဗီတာမင်စီ) သည် ဟင်းသီး ဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှသံဓာတ်ကို အစာ လမ်းကြောင်းမှ လွယ်ကူစွာစုပ်ယူနိုင်အောင် ကူညီသည်။
အိုင်အိုဒင်းသည်လည်း သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ် ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မ လုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ စားသုံးရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျတတ်သည်။ ကလေးအသေမွေးတတ်သည်။ လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသော ကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက် မသန်စွမ်းသောကလေး မွေးတတ်သည်။ ကလေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ခန္ဓာကိုယ် စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေးပုညှက်နေတတ်သည်။ ဉာဏ်ထိုင်းပြီး လည်ပင်းကြီးရောဂါဖြစ်တတ်သည်။ သွက်လက်ဖျတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေး နေမည်ဖြစ်သည်။ ထို့ကြောင့် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ ရရှိရန် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးရန်လိုအပ်သည်။ သန္ဓေသားဘဝမှစ၍ သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ မှီဝဲသွားရန်လိုအပ်သည်။
သဘာဝမိခင်နို့ရည်
စင်စစ်အားဖြင့် မိခင်နို့ရည်သည် ကလေးငယ် ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အာဟာရပင်ဖြစ်သည်။ နို့ဦးရည်နှင့် မိခင်နို့သည် ကလေးငယ်ရောဂါမဖြစ်ပွားစေရန်အတွက် မိခင်မှ ကလေးကို ပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံး ကာကွယ်ဆေးပင်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးငယ်တို့ကြား သံယောဇဉ် တွယ်တာမှု ပိုမိုခိုင်မာစေသည်။
မိခင်တစ်ဦးသည် ရင်သွေးငယ်ကို နို့တိုက်ခြင်းဖြင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာ စေနိုင်သည်။ မိခင်တွင် မျိုးဥ အိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ မိခင်သည် အာဟာရပြည့်ဝစွာ စားသုံးပါက အမြွှာကလေးများအတွက်လည်း မိခင်နို့လုံလောက်စွာ တိုက်ကျွေးနိုင်ပါသည်။ အမှန်တော့နို့တိုက်မိခင်များသည် အစာပို၍ စားသုံရန် လိုအပ်သည်။ ထမင်းနှင့် ဟင်းတစ်နပ် ပိုစားရန်လိုသည်။ နို့တိုက်မိခင်သည် ငန်လွန်း၊ စပ်လွန်းသော အစာမှလွဲ၍ အစားလုံးဝမရှောင်သင့် ပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သော အာဟာရများပြည့်စုံကာ လုံလောက်သောပမာဏ ရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင် ဘဝထက်ပိုစားရန် လိုအပ်သည်။
ဗီတာမင်အေ အာဟာရ
ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွား ဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာ ရေးနှင့် အမြင်အာရုံ ကောင်းမွန်ရေးအတွက်လည်း အရေးကြီးသည်။ နို့တိုက်မိခင်များသည် မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ဘဲ ထိုမိခင်များ၏ နို့ကိုစို့ရသော ကလေးများသည် ဗီတာမင်အေချို့တဲ့တတ်သည်။ ဗီတာမင်အေချို့တဲ့သော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ ကူးစက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏဖျားနာတတ်သည်။
နို့တိုက်မိခင်များသည် ဗီတာမင်အေ ကြွယ်ဝ သည့်အစာများကို လုံလောက်စွာ စားသုံးရန်လိုအပ် သည်။ မီးဖွားပြီး ပထမတစ်ရက် နှစ်ရက်တွင်ထွက်သည့် နို့ဦးရည်သည် ဗီတာမင်အေ အလွန်ကြွယ်ဝသည်။ ထို့ကြောင် ကလေးကို နို့ဦးရည်တိုက်ဖြစ်အောင် တိုက်ပေးရန်လိုအပ်သည်။ အသက်ခြောက်လမှစ၍ ထမင်းခွံ့သည့်အခါ ဗီတာမင်အေ ကြွယ်ဝသည့် အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်း ရင့်ရောင်ဟင်းရွက်များ၊ နီဝါရောင်သစ်သီးများ၊ အဝါရောင်သစ်သီးများ၊ အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများကို အသက်အရွယ်အလိုက် ထည့်ကျွေးပေးရန်လိုအပ်သည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ပေး
အရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အရေးပါသည်။ လူ့စွမ်းအားအရင်းမြစ်များ ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးထားလုပ်ဆောင် သွားရန်လိုအပ်ပေသည်။ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိရေးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်သည်နှင့်အမျှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၊ ကလေး ငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုး မှုတို့အပေါ် အကျိုးသက်ရောက်မှုများ ရရှိလာမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
ဆိုရလျှင် ကလေးငယ်များ ကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန်အတွက် မိခင်များ ကိုယ်ဝန် ဆောင်ကာလနှင့် မီးဖွားပြီး နို့တိုက်မိခင်ကာလတို့ မှာပါ အာဟာရပြည့်ဝရန် လိုအပ်သည်။ အာဟာရ ပြည့်ဝစွာရရှိစေရန်အတွက် အင်အားဖြစ်စေသော အစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာနှင့် ရောဂါကာကွယ်စေသောအစာ စသည့် အစာအုပ်စု သုံးမျိုးစလုံးကို နေ့စဉ်မျှတစွာ စားသုံးနိုင်ရန်နှင့် မိမိတို့ ဝင်ငွေနှင့်ကိုက်ညီသော အာဟာရပြည့် အစားအစာများကို ကျန်းမာရေးအသိပညာဗဟုသုတဖြင့် စားသောက်နေထိုင်သွားသင့်ပါကြောင်း ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အတွက် အလေးထား တိုက်တွန်းရေးသားလို က်ရပါသည်။
ရည်ညွှန်းကိုးကား-
(၁) ၁၈-၈-၂၀၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ။
(၂) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရ |Standardized Health Messages (myanmarhealth.info)