ရန်ကုန် ဩဂုတ်  ၂၀

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများ၊  ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေး များက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသား အကျိုးစီးပွားကိုရှေ့ရှု၍ ဆောင်ရွက်သွားရန်၊  အောက်တိုဘာ(၁)ရက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို အခြေခံ၍ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။    

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ထိန်းသိမ်း စောင့်ရှောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)