ရန်ကုန် ဩဂုတ် ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ခရိုင်ပေါင်းစုံ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များမှ ကိုယ်ဝန် ဆောင်မိခင်နှင့် နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အချက်အပြုတ်သရုပ်ပြပြိုင်ပွဲနှင့် အာဟာရကျွေးမွေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသ ကြီးနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း၊စည်းကမ်းများကို ရှင်းလင်တင်ပြပြီး ပြိုင်ပွဲကိုစတင် ကျင်းပရာ သတ်မှတ်ထားသော ခရိုင်ကိုယ်စားပြု အဖွဲ့ ၅ ဖွဲ့တို့က သရုပ်ပြချက်ပြုတ် ပြိုင်ပွဲဝင်ကြကာ ချက်ပြုတ်ပြီးသောအာဟာရများကို ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် အာဟာရကျွေးမွေးကြသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ခြင်းပွဲ အခမ်းအနားကို ကျင်းပရာ ဒိုင်အဖွဲ့ဝင်များနှင့်် ဆုရရှိသည့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ကိုယ်စားပြုအသင်းများကို တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။ ထို့နောက် ပထမဆုရရှိသော အဖွဲ့ (၃) သင်္ကန်းကျွန်းခရိုင်နှင့် မှော်ဘီခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ငွေသားဆုများချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

 

အဆိုပါ ပြိုင်ပွဲကို ခရိုင် ၁၄ ခုမှ (၅)ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ကြရာ အဖွဲ့(၁) လှည်းကူးခရိုင်၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်အသင်း၊ အဖွဲ့ (၂) သံလျင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ကျောက်တံတားခရိုင် အသင်း၊ အဖွဲ့ (၃) သင်္ကန်းကျွန်းခရိုင်၊ မှော်ဘီခရိုင်အသင်း၊ အဖွဲ့(၄) ကမာရွတ်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ တွံတေးခရိုင် အသင်း၊ အဖွဲ့(၅)အင်းစိန်ခရိုင်၊ မင်္ဂလာဒုံခရိုင်၊ တိုက်ကြီးခရိုင်အသင်း စသည့် အသင်း ၅ သင်းပါဝင်ယှဉ်  ပြိုင်ကြကြောင်း သိရသည်။

(သတင်းစဉ်)