နေပြည်တော်၊ ဩဂုတ် ၂၀
လက်ရှိမိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်း လျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင် ရထား သံလမ်းအပေါ်သို့ ရေကျော်တက်ခြင်း၊ ရထားတံတားအချို့၏ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက် စားခံရခြင်းတို့ ကြုံတွေ့ခဲ့ရသဖြင့် ရထားခရီးစဉ်များကို ယာယီရပ်နားထားခဲ့ရပြီး ရေကျော်စီးဆင်းနေသော နေရာများတွင် ရေကင်းစောင့်ဝန်ထမ်းများ နေ့/ညမပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေကျသွား သည့် ရထားလမ်းပိုင်းအတွင်း မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်များချခြင်း၊ ရထားလမ်းနှင့်တံတားများ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို နေ့စဉ် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ယခုအခါ ဩဂုတ် ၁၉ ရက် တိုင်းတာစစ်ဆေးချက်များအရ ဇရပ်လှ-ရေကြည် လမ်းပိုင်းအတွင်း သံလမ်းမျက်နှာပြင်အောက် ၁ လက်မခန့်အထိ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရထား လမ်းပိုင်းနှင့် တံတားကြံ့ခိုင်မှုများ စစ်ဆေးမှုအရ ရထားများဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်၍ သံလမ်းပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီ တွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယနေ့မှစတင်၍ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းတွင် ယာယီရပ်နားထားသော အမှတ်(၁၈၁) အဆန်လူစီးအမြန်ရထားကို ပုသိမ်မှကြံခင်းသို့လည်းကောင်း၊ အမှတ်(၁၈၂)အစုန် လူစီးအမြန်ရထားကို ဟင်္သာတမှ ပုသိမ်သို့လည်းကောင်း ပြေးဆွဲပေးခဲ့သည်။
ထို့အတူ ခရီးစဉ်အစအဆုံးဖြစ်သည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/ အဆန်ရထားများကို ဩဂုတ် ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာ့မီးရထားအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


