ကြံခင်း ဩဂုတ် ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း - ဟင်္သာတ - ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန် အမြန်ရထားကို ယနေ့နံနက်ပိုင်းက ပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။

 

ဇူလိုင် ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ဟင်္သာတ - ပုသိမ် ရထားလမ်းပိုင်း ရေကျော်ခြင်းကြောင့် ပြေးဆွဲမှုယာယီရပ်နားထားရာမှ ရထားလမ်းပိုင်းများ ပြုပြင်ကာ အမှတ်(၉) မန်နေဂျာ(သွားလာရေး/တိုင်း) ညွှန်ကြားချက်နှင့်အညီ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ယနေ့တွင် ရိုးရိုးလူစီးတွဲကြီး (၃)တွဲ၊ အထက်တန်းတွဲ (၁)တွဲ၊ ကုန်တွဲ (၁)တွဲနှင့် ဘရိတ်တစ်တွဲချိတ်ဆွဲကာ ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။

 

အမြန်ရထား ပုံမှန်ပြေးဆွဲရာတွင် (၁၈၂)အစုန် အမြန်ရထားသည် ကြံခင်းမြို့မှ နံနက်(၅)နာရီ စတင်ထွက်ရှိရာ ဟင်္သာတမြို့သို့ နံနက်(၉)နာရီတွင် ရောက်ရှိပြီး ပုသိမ်မြို့သို့ မွန်းလွဲ ၃ နာရီခွဲတွင် ရောက်ရှိမှာဖြစ်ကြောင်းနှင့် (၁၈၁)အဆန် အမြန်ရထားသည် ပုသိမ်မြို့မှ နံနက်(၆)နာရီ ထွက်ရှိပြီး ကြံခင်းမြို့သို့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိမှာဖြစ်ကြောင်း ကြံခင်းမြို့နယ် မီးရထားရုံပိုင်ကြီးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)