ဩဂုတ် ၂၁

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် အဆိပ်သင့်နွားနို့သောက်သုံးမှုကြောင့် မိသားစုတစ်စု၏မိသားစုဝင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောသည်။

အဆိုပါမတော်တဆမှုသည် ဆင်းဒ်ပြည်နယ် ခါအာပါခရိုင် ပါဂို့ရှ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဩဂုတ်လ ၁၈ ရက်နေ့ညပိုင်းက အဆိပ်သင့်နွားနို့ကိုသောက်သုံးပြီးနောက် ကလေးငါးဦးသေဆုံးခဲ့ကြောင်း ယင်းဒေသအကြီးအကဲ၏ ပြောကြားချက်အရ သိရသည်။

ထိုနေ့ညနှောင်းပိုင်းက နွားနို့သောက်သုံးပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေစတင်ဆိုးရွားပြီးနောက်  မိသားစုဝင် ၁၀ ဦးကို ယင်းဒေသရှိအရပ်ဘက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဒေသအကြီးအကဲကဆိုသည်။ ၎င်းတို့အနက် ခုနစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသူများ၏အခြေအနေမှာစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။ ဒေသတွင်းရဲတပ်ဖွဲ့က ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို