ရန်ကုန် ဩဂုတ် ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် နိုင်ငံတကာသယ်ယူပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး (International Transport Summit 2024) နှင့် BRICS အဖွဲ့၏ နိုင်ငံတကာမြူနီစီပယ်ဖိုရမ် (International Municipal Forun Of BRICS Countries) များသို့ တက်ရောက်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် အစိုးရအဖွဲ့ဝင်များ၊  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီဒုတိယဥက္ကဋ္ဌ  ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူးနှင့်ကော်မတီဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတကာ သယ်ယူပို့ဆောင် ရေးထိပ်သီးအစည်အဝေးနှင့် နိုင်ငံတကာ  မြူနီစီပယ်ဖိုရမ်သို့ တက်ရောက်ရန် နေပြည်တော် ကောင်စီဥက္ကဋ္ဌဦးဆောင်၍ အဖွဲ့ဝင် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင် ဦးထွန်း ထွန်းတို့ လိုက်ပါသွားကြသည်။

ပူးပေါင်းဆောင်ရွက်ရေး

အဆိုပါ အစည်းအဝေးကို ဩဂုတ် ၂၁ ရက်မှ  ၂၅ ရက်အထိ မော်စကိုအစိုးရ  ပို့ဆောင်ရေးနှင့် လမ်းများဆိုင်ရာ အခြေခံအဆောက် အအုံဖွံ့ဖြိုးမှုဌာနနှင့် ပြည်ပစီးပွား ဆက်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနတို့ ပူးပေါင်း၍ မြို့ပြဆက်သွယ်ရေးနှင့်  ဒစ်ဂျစ် တယ်နည်းပညာများ ပေါင်းစပ်ဖွံ့ဖြိုးရေး၊ အဆင့်မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ မိတ်ဖက်မြို့များ၏ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ရန်အတွက် နိုင်ငံတကာ ကျွမ်းကျင်သူများ တွေ့ဆုံနိုင်မည့် စင်္ကြံတစ်ရပ်ဖြစ်ပေါ်လာစေရေး၊ မြို့ပြသွားလာရေးနှင့် မြို့များ အဆင့်အတန်းမြင့်မားရေးတို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ဖြေရှင်းဆောင်ရွက်ရာတွင် စနစ်ကျသည့်  နည်းလမ်းများကို ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)