နေပြည်တော်၊ သြဂုတ် ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
သြဂုတ် ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ မြို့အဝင်လမ်းဆုံ အနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော ထိုင်းနိုင်ငံထုတ် Common တံဆိပ်ပါ ကျန်းမာရေးအထောက်အကူပြု ဖြည့်စွက်စာများဖြစ်သည့် Collagen Dipeptide ဘူး (၁၅၀၀)၊ Dietary Supplement Product ဘူး (၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၂၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁) လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Korol လုပ်ငန်းသုံးဖြတ်စက် အလုံး (၁၅၀) အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၆၈၇,၇၅၀) ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်ကွဲလွဲစွာ ပါရှိလာသည့် တရုတ်နိုင်ငံထုတ် Porcelain Tiles
(၃၈၉၈ ဒသမ ၀၈) စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၂၀၈,၇၉၂) ကိုလည်းကောင်း၊ MITT ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁) လုံးအတွင်းမှ တရုတ်နိုင်ငံထုတ် Slipper ဖိနပ်သဲကြိုး (၁,၀၉၀,၀၀၀) ခု အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၉၁၉,၉၇၀) ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အိုင်ယာလန် နိုင်ငံထုတ် Sigma Femoral Posterior Stabilized Cemented အရိုးကုသမှု ဆိုင်ရာအထောက်အကူပြု ပစ္စည်း (၇ ဒသမ ၂၂၅) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄,၈၂၇,၃၅၃) ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂) စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် မလေးရှားနိုင်ငံထုတ် Coated Duplex Board ကီလိုဂရမ် (၂၀,၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၃၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီးနှင့် Hino Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇,၀၀၃,၈၆၅) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၅၆၄) တန်၊ အခြားသစ် (၃.၅၇၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၃၂,၈၃၁) နှင့် ထော်လာဂျီ (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၃၂,၈၃၁) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ လိုင်စင်မဲ့ Toyota Caldina မော်တော်ယာဉ် (၁) စီး Honda Fit မော်တော်ယာဉ် (၁) စီးနှင့် Toyota Alphard မော်တော်ယာဉ်(၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၅၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၅၅,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၅၅,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Daihatsu Hijet မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇,၈၄၁,၆၉၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
