ဩဂုတ် ၂၂

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီး ဟိုတယ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးသေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်ခန့်က Bucheon မြို့ရှိ အထပ်ကိုးထပ်ပါဟိုတယ်၏ ရှစ်ထပ်မြောက်ရှိ ဧည့်သည်အိပ်ခန်းမှမီးခိုးများထွက်လာသည်ဟူသော သတင်းရရှိခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူ ခုနစ်ဦးမှာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်ဟု ကေဘီအက်စ်ရုပ်သံလွှင့်ဌာနက ဆိုသည်။

မီးလောင်မှုဖြစ်ပွားချိန်က ဟိုတယ်တွင် ဧည့်သည် ၂၃ ဦးရှိပြီး ဧည့်သည်အိပ်ခန်းများ၊ စင်္ကြံများနှင့် လှေကားများတွင် သေဆုံးနေသူများကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ လူအများအပြားသေဆုံးခြင်းသည် ဟိုတယ်အတွင်းမီးခိုးများ ဖုံးလွှမ်းနေခြင်းကြောင့် ဖြစ်သည်ဟု ဒေသတွင်းမီဒီယာကဆိုသည်။

ရဲတပ်ဖွဲ့နှင့်မီးသတ်ဌာနတာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုဟိုတယ်သည် ဆိုးလ်မြို့တော်ရှိ ဂင်မ်ပိုလေဆိပ်၏အနောက်တောင်ဘက် ၇ ကီလိုမီတာအကွာခန့်ရှိ မြို့ပြအရပ်တွင်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချိုa