နေပြည်တော်      ဩဂုတ်     ၂၃

 

ဘွိုင်လာကျွမ်းကျင်သူများ တိုးပွားလာသည်နှင့်အမျှ ဘွိုင်လာသုံးစက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းရည်ပြည့်သုံးစွဲနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများသင်တန်း အမှတ်စဉ်(/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနရှိ ဘွိုင်လာသင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စက်ရုံမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဘွိုင်လာနှင့်သက်ဆိုင်သည့်  ကျွမ်းကျင်ပညာရှင်များ၊ ဘွိုင်လာစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး (အငြိမ်းစား)များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူ (၃)ဦးကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းအောင် လက်မှတ်များကို သင်တန်းသား ခေါင်းဆောင်အား ပေးအပ်သည်။

 

သင်တန်းကို (၆)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ (၄)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ (၇)ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ (၁)ဦး၊ အလုပ်သမားဝန်ကြီးဌာနမှ (၁)ဦး၊ စွမ်းအင် ဝန်ကြီးဌာနမှ (၅)ဦး၊ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းမှ (၃)ဦး၊ ပုဂ္ဂလိက လုပ်ငန်းများမှ (၄၂)ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၆၃)ဦး တက်ရောက်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် MSME ချေးငွေနှင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတစ်ရပ်ကို ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၂)၏ ခွင့်ပြုချက်ဖြင့် ထူထောင်ခဲ့ရာ နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေကျပ် ဘီလီယံ (၁၇၀) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ပုံငွေစာရင်းသို့ ထည့်သွင်းထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေ ကျပ်ဘီလီယံ (၁၇၀)အနက် ငွေကျပ် ဘီလီယံ (၁၅၀) ကို MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေအဖြစ် ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် အေဂျင်စီတို့အနေဖြင့် ချေးငွေများ ထုတ်ချေးနိုင်ရေးဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်(၁၀)ဦးအတွက် ချေးငွေကျပ်သန်း(၂၈၀)ကို ပထမအကြိမ် အဖြစ် ထုတ်ချေးနိုင်တော့မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ MSME ချေးငွေ လုပ်ထုံးလုပ်နည်းကို ဖြေလျှော့ပေးရန် တင်ပြမှုအရ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ လုပ်ထုံးလုပ်နည်းဖြေလျှော့နိုင်မှုနှင့် ချေးငွေအစား စက်ပစ္စည်းပံ့ပိုးပေးနိုင်မှုအခြေအနေ ပြန်လည်တင်ပြရန် လမ်းညွှန်မှုအရ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) နှင့် (၂/၂၀၂၄)အစည်းအဝေးများမှ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် ဖြေလျှော့ပြင်ဆင်ပြီးဖြစ်သည့် MSME ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းကို အတည်ပြုနိုင်ရန် MSME လုပ်ငန်းကော်မတီက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားရှိပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် ဘီလီယံ (၅၀) ဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေထူထောင်လျက် ဆီစက်လုပ်ငန်းများကို ချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်း။

 

ယနေ့အထိ ဆီစက်လုပ်ငန်းရှင် (၃၁)ဦးကို ချေးငွေကျပ်(၃,၄၉၃)သန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ထုတ်ပေးရန် ကျန်ရှိသည့် ငွေကျပ်ဘီလီယံ (၄၆ ဒသမ ၅၀၇)ကို မြန်ဆန်မှန်ကန်စွာ ထုတ်ပေး နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ(၃/၂၀၂၄) အစည်းအဝေးတွင် ဆီစက်ချေးငွေထုတ်ချေးရန် ငွေကျပ်ဘီလီဘံ (၄၆ ဒသမ ၅၀၇)ကျန်ရှိနေသဖြင့် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဆီစက်များအား ချေးငွေထုတ်ချေးပေးနိုင်ရန်နှင့် ကုန်ကြမ်း ဝယ်ယူနိုင်ရန်အတွက် လုပ်ငန်းသုံးရင်းနှီးငွေ ထုတ်ချေးနိုင်ရေး သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နည်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။

 

ဆက်လက်၍ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ဆီစက်ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က MSME ချေးငွေဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အထွေထွေမန်နေဂျာက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၄)အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနမှူးများက MSME ချေးငွေနှင့် ဆီစက်ချေးငွေများ ထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များမှလျှောက်ထားမှု၊ ထုတ်ချေးပေးခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)