နေပြည်တော် ဩဂုတ် ၂၃
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များ၏ဘဝ သာယာ ဝပြောရေးနှင့် ကာကွယ် စောင့်ရှောက်မှု ပြီးပြည့်စုံစွာရရှိနိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် အရေးကြီးသော လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိရောက်သော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူဝါဒကို ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ၊ အလွဲသုံးမှုများ၊ လျစ်လျူ ရှုမှုနှင့် ခေါင်းပုံဖြတ်မြတ်ထုတ်ခံရမှုများမှ ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကလေးများအတွက် ဘေးကင်းလုံခြုံ၍ ကာကွယ်စောင့်ရှောက်မှုရှိသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်၊ အစိုးရဌာနများ၊ အဖွဲ့အစည်း များအားလုံးသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး တာဝန်ယူပါဝင်လာစေရေးကို ဦးတည်၍ ရေးဆွဲဆောင်ရွက်နေ ပြီး လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များအား ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ ထည့်သွင်း ဆောင်ရွက်နိုင်ခြင်းဖြင့် ကလေးသူငယ်၏ ဘဝသာယာဝပြောရေးနှင့် ကာကွယ် စောင့်ရှောက်ရေး နယ်ပယ်အားလုံးတွင် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်း၊ အားလုံးလွှမ်းခြုံသော ကာကွယ်စောင့်ရှောက် ရေးမူဝါဒအဖြစ်ရရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ(၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ (Child Protection Policy) ရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


