ဘားအံ  ဩဂုတ်  ၂၃

 

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက်  ၉  နာရီက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာဖတ်ခြင်းဖြင့် ဘဝတိုးတက်အောင်မြင်ပြီး ကြွယ်ဝ ချမ်းသာသူ အများအပြားရှိကြကာ အောင်မြင်သူအများစုသည် ၎င်းတို့၏အားလပ်ချိန်များကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြပြီး စာဖတ်ရှိန်မြင့်မားလာသည်နှင့်အမျှ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ စာကြည့်တိုက်များ ရေရှည်တည်တံ့ကာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ)  တွဲဖက်ပါမောက္ခ(မြန်မာစာ) ဒေါ်သဲသဲအိက စာဖတ်ခြင်း ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ       ဦးငွေသန်း ကထိက(ငြိမ်း)က စာပေကျေးဇူး၊ ပညာရေးနှင့်  သမိုင်းသင်ခန်းစာနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု၊ စာဖတ်ခြင်း၏  အကျိုးကျေးဇူးများ အကြောင်းတို့ကို ဟောပြောကြသည်။

 

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင်       ဆုရရှိသူများကို လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပေးကြသည့် ဆရာ ဆရာမများကို      လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍   ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ      ခင်းကျင်းပြသထားသော ရောင်စုံဓာတ်ပုံပြပွဲ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ ပုဂ္ဂလိက စာအုပ် အရောင်းဆိုင်များမှ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေသည့် ကျောင်းသား    ကျောင်းသူများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)ကျောင်း စာကြည့် တိုက်သို့ သွားရောက်ပြီး  စာကြည့်တိုက်ကို အသုံးပြုနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက်  ငွေကျပ် သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)