နေပြည်တော် ဩဂုတ် ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ နံနက်ပိုင်းက ပုဂံမြို့ရှိ ရွေနန်းတော်ဟိုတယ်၌ကျင်းပသည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ - ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး ဆွေးနွေးပွဲ (Seminar on Making Tourism More Sustainable in Cultural Heritage Destinations in the Post Pandemic) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် တရုတ် ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့မှ ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းအပြင် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန် ပုံငွေမှစီမံကိန်း (၃) ခုကို ရရှိထားခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲခေါင် - လန်ချန်းနိုင်ငံများအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကိုမြှင့်တင်ရန်၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်နေရာများ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်းများ ကြံ့ကြံ့ခံနိုင်ရေးအတွက် ရေရှည်တည်တံ့သော ခရီးသွားမူဝါဒနှင့် စီမံကိန်းများရေးဆွဲခြင်း၊ ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှု၊ ခရီးသည်စီမံခန့်ခွဲမှု၊ မဟာဗျူဟာမြောက် ဈေးကွက်ရှာဖွေခြင်း၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်နေရာများတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်းစသည့် မဟာဗျူဟာများနှင့် အလေ့အကျင့်ကောင်းများကို မျှဝေနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အခက်အခဲနှင့်အကြပ်အတည်းများ များစွာကြုံတွေ့ခဲ့ရပြီး ကိုဗစ်-၁၉ အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရာ၌ နည်းလမ်းအသစ်များ ပြန်လည်စဉ်းစား ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ယခုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ရာတွင်လည်း ခရီးသွားလုပ်ငန်းများဖြင့် ပိုမိုရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ရေး ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပပြုလုပ်၍ မဲခေါင်နိုင်ငံများ၏ အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေမှုများကို အပြန်အလှန်မျှဝေရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia က ဂုဏ်ပြုအမှာစကားပြောကြားပြီး မဲခေါင် - လန်ချန်းပူး ပေါင်းညှိနှိုင်းရေးရုံးအဖွဲ့ (မြန်မာ) မှ ကိုယ်စားလှယ်တစ်ဦးက အမှာစကားပြောကြားသည်။ 
အဆိုပါဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးပွဲ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများမြှင့်တင်ခြင်း ကိစ္စရပ်များကို အပိုင်း (၃) ပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. MaJia ကို ပုဂံမြို့ရှိ ရွေနန်းတော်ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားမြင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မဲခေါင်း - လန်ချန်းအဖွဲ့ဝင် နိုင်ငံများ အချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနပိုင်ဟိုတယ်များနှင့် တုရင်တောင်ခြေရှိ Tuyin Villa Eco Farm အပန်းဖြေစခန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညပိုင်းတွင် ကိုဗစ်အလွန်ကာလယဉ် ကျေးမှုအမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင် ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အတူညစာသုံးဆောင်ကြရာ ညစာစားပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
 ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အသင်းအဖွဲ့များ Bagan Plastic Campaign အဖွဲ့နှင့်အတူ အားလုံးပူးပေါင်းပါဝင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် အမှိုက်သရိုက်ကင်းစင် ပပျောက်စေရန်ရည်ရွယ်၍ သီရိပစ္စယာဟိုတယ်လမ်းဆုံမှစတင်၍ မနူဟာဘုရားအထိ စုပေါင်းအမှိုက်ကောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုအားပေးသည်။    အဆိုပါ Bagan Plastic Campaign အဖွဲ့သည့် အပတ်စဉ် စနေနေ့ နံနက်တိုင်း စုပေါင်းအမှိုက်ကောက် လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်