နေပြည်တော်၊ ဩဂုတ် ၂၄

စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စေရန်၊ ကုသိုလ်ပွားများနိုင်စေရန်၊ စိတ်ခွန်အားဖြစ်စေရန်၊ မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားများကို ကြည့်ရှု လေ့လာနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဒက္ခိဏသီရိမြို့နယ်၌ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်၍ တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ 
ဦးစွာ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများကို မာရဝိဇယဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။ 
ထို့ပြင် ဘုရားဖူးလာရောက်သည့် စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုများက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘုရားဖူးလာရောက်သည့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းများနှင့် မိသားစုများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ညီညာစွာစီတန်းပြီး ဗုဒ္ဓဂုဏ်တော်များကို ရွတ်ပွားလျက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ပြီး ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် ဘုရားရင်ပြင်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ငယ်ပုံစံပြသထားမှု၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ်အပိုင်း (၄) ပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှုမှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် သာသနိက အဆောက်အအုံများကို ဖူးမျှော် လေ့လာကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်