နေပြည်တော်၊ ဩဂုတ် ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဩဂုတ် (၂၄) ရက်နှင့် (၂၅) ရက်တို့တွင် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက်ရထားလမ်းပိုင်း၊ အဆင့်မြှင့်တင် ပြုပြင်ထားသည့် တောင်ကြီး - ပေါမူ - အေးသာယာ - ရွှေညောင် ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ၊ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေနှင့် အဆိုပါရထားလမ်းပိုင်းရှိ ထီသိမ် အဝိုင်းပတ်တံတားနှင့် အဝိုင်းပတ်ရထားလမ်းထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက်ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေကို RGC ရထား လိုက်ပါစီးနင်း၍ စစ်ဆေးပြီး လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်ရန်၊ ရထားလမ်းဘေး ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာဘောင်များ ရေတိုက်စားမှု နည်းစေရန်အတွက် မြက်ကပ် စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထိုအတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် တောင်ကြီး - ပေါမူ - အေးသာယာ - ရွှေညောင် ရထား လမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများ၊ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေအား RGC ရထား လိုက်ပါစီးနင်းစစ်ဆေးပြီး အဆိုပါရထားလမ်းပိုင်းရှိ ထီသိမ်အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာဘောင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များအား ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ မြေထိန်းနံရံများ တည်ဆောက်ထားမှုကို စနစ်တကျ စစ်ဆေးသွားရန်၊ ထီသိမ်အဝိုင်းပတ်တံတားကို ပုံမှန်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး ပုံမှန်စစ်ဆေး ပြုပြင်ခြင်းများဆောင်ရွက်ရန်၊ ရထားလမ်းဘေး ရေမြောင်းများ စနစ်တကျ ဆောင်ရွက်သွားရန် တို့ကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ ရထားစီး ခရီးသည်များ အဆင်ပြေစေရေးနှင့် ရထားများ ထွက်ချိန်မှန်ကန်စေရေး အလေးထား ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


