ပျဉ်းမနား ဩဂုတ် ၂၅
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေ ကျဆင်းမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ငလိုက်ချောင်းအတွင်း ရေမြင့်တက်မှုကြောင့် ပါရှိလာသည့် အမှိုက်များအား အမြန်ဆုံး ရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ပျဉ်းမနားမြို့ ကူးတို့ဆိပ်ကျေးရွာအုပ်စုသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ ရေဘေးကြောင့် နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအသောက်များကို အထူးဂရုပြု နေထိုင် စားသောက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ကူးတို့ဆိပ် ကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ကူးတို့ ဆိပ်ကျေးရွာ၌ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် စာကြည့်တိုက် အဆောက်အအုံအသစ် တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


