နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီးညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိကယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ခိုးကြီးဘုရားစေတီများအား ဖူးမြော်ကြည်ညိုသည်။
စည်ရှည်တံတားဆောက်လုပ်ရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းသို့ ရောက်ရှိကြပြီး နန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စည်ရှည်တံတား၏ သမိုင်းအကျဉ်းနှင့် ယခင်တံတားအဟောင်း အထောက်အထား အချက်အလက်များကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စည်ရှည်တံတားပြန်လည်တည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားပြန်လည် တည်ဆောက်ရာတွင် ရှေးမူမပျက်မူလပုံစံအတိုင်း တည်ဆောက်သွားရန် လိုကြောင်း၊ တံတားနှင့် ဆက်စပ်လျက်ရှိသည့်လမ်းများကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဆောင်ရွက်သွာရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးသို့ ရောက်ရှိကြပြီး ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံ ရုပ်ပွားဆင်းတုတော်ကြီးအား ဖူးမြော်ကြည်ညိုကာ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စူဠာမုနိ ရုပ်ရှင်တော် ဘွဲ့အမည်ခံ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ထားရှိမှုအခြေအနေများအား ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန် မှာကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး ထိန်းသိမ်းရေးအတွက် ဘက်စုံ အလှူတော်ငွေများကို ပေးအပ်လှူဒါန်းသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ခဲ့မှု မှတ်တမ်း ဓာတ်ပုံများအားကြည့်ရှုကာ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးအား လက်ယာရစ် လှည့်လည်၍ ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ နဂိုမူလ ရှေးဟောင်းအမွေအနှစ် လက်ရာများအတိုင်း လက်ရာမပြတ်ထိန်း သိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)သို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ကျောင်းတော်ကြီးအတွင်းအပြင်ရှိ မြန်မာမှု သစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ အတွင်းမာရဘင် အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇတ်၊ ဥတေနဇာတ်တော် တို့ကို အနုစိတ်ထုဆစ် ပူဇော်ထားရှိမှုများကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများ သပ်ရပ်မှုနှင့် ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အမွေအနှစ် လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ်ဧရိယာ ထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများ ဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များ ခိုင်ခံ့နေစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထား ကိုးကွယ်တော်မူသော မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားသို့ ရောက်ရှိဖူးမြော် ကြည်ညိုကြပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ယင်းနောက် ဘုရားကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ပြီး ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီးသို့ ရောက်ရှိကြပြီး ဦးစီးပဓာနနာယ ဆရာတော် အဂ္ဂမဟာပန္တိတ ဘဒန္တ ထုတိဝရအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာမရာမ ရွှေကျင်တိုက်မကြီး ဦးစီးပဓာနနာယ ဆရာတော်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဓမ္မဒါနအဖြစ် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။
ယင်းနောက် ကျွန်းကျောင်းတော်ကြီး ပြန်လည်ပြုပြင် ထိန်းသိမ်းထားရှိမှုများနှင့် ကျွန်ကျောင်းတော်ကြီးအတွင်းရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးများ၏ ပုံတူ ရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ဓာတ်ပုံပြခန်းအားကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မြနန်းစံကျော် ရွှေနန်းတော်ကြီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တာဝန်ရှိသူများက ရွှေနန်းတော်ကြီးနှင့် အဆောင်တော်များ ထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ၂၀၂၃ ခုနှစ် မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြနန်းစံကျော်ရွှေနန်းတော်ကြီး သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်း အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်






