နွမ်ဂျာသိုင်း
(၂၁-၈-၂၀၂၄ ရက်နေ့မှအဆက်)
“ပေါ်ဦး ပြောတာ ဟုတ်သလား ခင်လေး”
လှုပ်ရှားနေသောစိတ်ကို မနည်းထိန်း၍ မေးလိုက်သည်။ မဖြူရော ခင်လေးပါခေါင်းမဖော်။ ခင်လေးက ငုံ့လျက်နှင့် ခေါင်းညိတ်၏။
“မဖြူရော . . . တကယ်ပဲလား”
မဖြူက ငုံ့ထားသောမျက်နှာကို လက်ဝါးဖြင့်အုပ်၍ သိမ့်ခနဲတစ်ချက်ရှိုက်သည်။ ကျွန်တော့်ခေါင်းထဲတွင် လုပ်ရမည့်အလုပ်များကို ကမန်းကတန်းတွေးသည်။ ယခုအချိန်တွင် ကျွန်တော့်စကားလုံးများကို တစ်ခြမ်းပင် အမှားမခံနိုင်။ လေသံကိုလည်း တတ်နိုင်သမျှ ညင်သာ စေရန် စိတ်ကိုထိန်း၍ -
“မဖြူ၊ ကျွန်တော်တစ်ခုမေးမယ်။ တကယ်လို့ ကျွန်တော်က မဖြူကို မကူညီဘူးဆိုပါတော့၊ မဖြူ ဘာလုပ်မလဲ”
မဖြူထံမှ ရှိုက်သံတချို့ ပေါ်လာသည်။ ငုံ့လျက်နှင့်ပင် တုန်ခါသောအသံဖြင့် -
“မဖြူမသိဘူး ကိုထွန်းဝေ၊ မဖြူ ရှက်လည်းရှက်တယ်။ မဖြူ သိပ်မိုက်တာပဲ။ အို . . . မဖြူ သေသွား ရင် အေးမှာပါ”
ကျွန်တော် သက်ပြင်းကို မှုတ်ထုတ်လိုက်၏။
“မဟုတ်ဘူး မဖြူ၊ ပါဏာတိပါတကံရယ်၊ အဖန်ငါးရာရယ် ကိစ္စကလွဲရင် မဖြူမှာ တခြားနည်းမရှိ တော့ဘူးလား”
“မဖြူ မတွေးတတ်တော့ဘူး ကိုထွန်းဝေ၊ ရင်ထဲမှာ ရှက်တာနဲ့ ကြောက်တာပဲရှိတယ်။ ကိုထွန်းဝေ ကိုလည်း မဖြူ ဒုက္ခမပေးချင်တော့ပါဘူး။ မဖြူ ထိုက်နဲ့ မဖြူကံ ရှိပါစေတော့။ မဖြူကိစ္စ မဖြူဘာသာ ပဲ ဖြစ်သလိုလုပ်လိုက်ပါတော့မယ်”
ကျွန်တော် အံကြိတ်လိုက်မိသည်။ ကျွန်တော့်ထံမှ ဘာသံမှပေါ်မလာသဖြင့် ခင်လေး ခေါင်းမော့လာ ၏။ ခင်လေးမျက်နှာတွင် ရှက်စိတ်ကြောင့် ရဲနေ၏။
“မဖြူ ထင်ရာလုပ်သွားမှာ ကျွန်မစိုးရိမ်တယ် ကိုထွန်းဝေ။ ကိုထွန်းဝေ ဘာမှမနစ်နာစေရပါဘူး။ ကိုပေါ်ဦးကို ပြောထားသလိုပါပဲ”
စိတ်ထဲမှာ ထောင်းခနဲ ဒေါသပြန်ဝင်လာ၏။ ခင်လေးကို စေ့စေ့ကြည့်၍ ရင်ထဲမှ ဆုံးဖြတ်ချက်ကို အခိုင်အမာချလိုက်၏။ ကြိတ်ထားသော အံသွားနှစ်ခုကြားတွင် ခင်လေး ရောက်သွား၏။
* * * * *
“ဝမ်းနည်းပါတယ် ခင်လေး၊ ဒီပုံစံမျိုးနဲ့ ကျွန်တော်လုံးဝမကူညီနိုင်ပါဘူး”
ကျွန်တော့် မာကျောခက်ထန်သော လေသံကြောင့် ခင်လေးက တအံ့တသြမော့ကြည့်သည်။ ပေါ်ဦးက ချာခနဲ ကျွန်တော့်ဘက်လှည့်၏။ မဖြူ ရှိုက်သံများ ရပ်သွားသည်။
“ဒီမှာ မဖြူ၊ ခင်ဗျားမငိုနဲ့တော့။ ခင်ဗျားကို ကျွန်တော် အစအဆုံးကူညီပေးမယ်။ အဲဒီလိုကူညီ ပေးတာဟာ ဘယ်သူ့ဆီကမှ သနားသဖြင့် မေတ္တာထားဖို့၊ အဖိုးအခအနေနဲ့ ပြန်ချစ်ဖို့၊ တန်ရာတန်ကြေးပေးတဲ့ မေတ္တာတရားနဲ့လဲယူဖို့ တစ်ခုမှမဟုတ်ဘူး”
မဖြူ မျက်နှာမော့လာ၏။ ခင်လေး ခေါင်းငုံ့သွားသည်။
“ကျွန်တော် လူတစ်ယောက်အနေနဲ့ ၊ ပြီးတော့ အစ်ကိုတစ်ယောက်အနေနဲ့ ကူညီမယ်”
မဖြူ မျက်နှာ လက်ခနဲဖြစ်သွား၏။ ကျွန်တော့် အကြည့်သည် ခင်လေးဆီ ကူးသွားသည်။
“မခင်လေး၊ မခင်လေးကိုတော့ ပြောရမှာ အားနာပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောစရာရှိတာတော့ နားလည်အောင် ပြောလိုက်ချင်တယ်။ ကျွန်တော့်ဘဝမှာ မခင်လေးဟာ ပထမဆုံးနဲ့ နောက်ဆုံးချစ်ရ သူပါ။ ဒီတစ်သက်မှာ မခင်လေးကလွဲလို့ ကျွန်တော်ဘယ်သူ့ကိုမှ ချစ်လည်းမချစ်နိုင်တော့ဘူး၊ ချစ်လည်း မချစ်တော့ပါဘူး။ ကျွန်တော့် အချစ်တွေအားလုံး မခင်လေးကို ပုံပြီးပေးခဲ့ပြီးသားပါ”
ကျွန်တော့်စကားကို ခဏတန့်သည်။ ပြီးမှဆက်၍ -
“ဒါပေမဲ့ မခင်လေးဆီက အချစ်ကို ကျွန်တော်ဒီပုံစံမျိုးနဲ့ ဘယ်တော့မှမယူဘူး မခင်လေး။ မခင်လေးဆီက မသဒ္ဓါရေစာ မေတ္တာရဖို့ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို အကူအညီပေးပြီး လဲလှယ်ရလောက်အောင် ကျွန်တော် အောက်တန်းမကျပါဘူး”
ကျွန်တော်က အိတ်ထဲမှ ကျောင်းသားမှတ်ပုံတင် ကတ်ပြားလေးကို ထုတ်ယူလိုက်သည်။ ပလတ်စတစ် အကာထဲမှ နှစ်ယောက်လက်မှတ် ထိုးထားသော ကံ့ကော်ရွက်လေးကိုယူ၍
“မခင်လေး လိုလိုချင်ချင်မရှိဘဲ ကျွန်တော် မခင်လေးနဲ့ပတ်သက်ရင် သက်မဲ့ပစ္စည်းလေး တစ်ခုတောင် ကျွန်တော်မလိုချင်ပါဘူး။ ရော့ . . . မခင်လေး၊ ဒါ ကျွန်တော့်ဘဝမှာ အမြတ်နိုးဆုံး ပစ္စည်းလေးပဲ၊ မခင်လေး ပြန်ယူပါ”
ခင်လေး၏ မျက်လုံးအိမ်တွင် ဝဲနေသောမျက်ရည်များကို တွေ့ရ၏။ သို့သော် သူ့မျက်နှာမှာ ညှိုးရိပ် ဟူ၍ မြူတစ်စပင်မတွေ့။
“ကဲ . . . မဖြူ၊ ညီမလေး ဘာမှမပူနဲ့။ အစ်ကို မဖြူကို အစအဆုံးကူညီမယ်။ ဘာလုပ်ရမလဲဆိုတာ ပေါ်ဦးကို ပြောထားလိုက်၊ ခုတော့ အစ်ကို့ကို ခဏ ခွင့်ပြုဦး”
မဖြူက ပြုံး၍ ခေါင်းညိတ်၏။
“မခင်လေး . . . ကျွန်တော်သွားမယ်”
ခင်လေးက ပြုံး၍ ခေါင်းညိတ်၏။
ကျွန်တော့်ရင်သည် ဟင်းလင်းပွင့်ထွက်သွားခဲ့လေပြီ။ ဘာဆိုဘာမှ မရှိတော့။
* * * * *
“မနက်ဖြန် နံနက် ကိုးနာရီမှာ မင်းနဲ့မဖြူ ရုံးမှာလက်မှတ်ထိုးရမယ်။ မင်းအိမ်ကိုတော့ လောလောဆယ် အသိမပေးနဲ့ဦးပေါ့ကွာ။ အကာအကွယ် သဘောမျိုးလေးပဲ လုပ်ထားတာပဲဟာ။ နောက်မှ ဖြည်းဖြည်းအသိပေးပေါ့”
အဆောင်ရှေ့တွင် ငေါင်၍ထိုင်နေသော ကျွန်တော်သည် ပေါ်ဦးပြန်လာသည်ကိုပင် မသိလိုက်။ ပေါ်ဦးက အနားတွင်လာထိုင်ပြီး လိုရင်းပြောချလိုက်မှ သူပြန်ရောက်လာမှန်းသိသည်။ ကိုယ့်ဘဝကိုလည်း ကိုယ်တိတိကျကျ သိလိုက်၏။
“မင်းဘာဖြစ်နေလဲ ထွန်းဝေ၊ မင်း သိပ်နောင်တရနေလား”
ပေါ်ဦး လေသံက မထိတထိ ရိသလိုဖြစ်သွားသဖြင့် ကျွန်တော် သူ့ဘက်ဆတ်ခနဲလှည့်ပြီး -
“အလုပ်တစ်ခုလုပ်ရင် ငါဘယ်တော့မှ နောင်တမရဘူးပေါ်ဦး။ မဖြူကို လက်ထပ်ပေးရတဲ့အတွက် နောင်တရစရာလည်း ဘာမှမရှိဘူး”
“ဒါဖြင့် မင်းက ဘာလို့မှိုင်နေတာလဲ”
သူ့ကို တစ်ခုခုပြန်ပြောမည်ဟုလုပ်ပြီးမှ ကိုယ့်နှုတ်ကိုယ်ထိန်းလိုက်သည်။ ပြောလည်း ဘာထူး တော့မှာလဲ။ စကားလုံးအချို့သည် ရင်တွင်း၌ပင် နစ်မြုပ် ပျောက်ကွယ်သွား၏။
“ခင်လေးနဲ့ ငါ့ဘဝဟာ ဒီမှာတင်ပဲ ပြီးသွားပါရောလား”
အောက်နှုတ်ခမ်းကို သွားဖြင့်ကိုက်လိုက်မိသည်။ ကျွန်တော့်အကြည့်များသည် အဆောင်ရှေ့ ကံ့ကော်ပင်လေးဆီ ရောက်သွား၏။ အပင်ပေါ်တွင် ကံ့ကော်ပွင့်လေးတစ်ပွင့်။ သို့သော် ကျွန်တော့်အတွက် ဘာများ ထူးခြား တော့မည်နည်း။
“မင်း ဘယ်လိုခံစားနေရတယ်ဆိုတာ ငါသိပါတယ် ထွန်းဝေ။ မင်းကိုငါ တစ်ခုပြောမယ်”
ကျွန်တော် သူ့စကားကို နားထောင်၏။ သို့သော် အကြည့်ကို ကံ့ကော်ပွင့်လေးဆီမှမခွာ။ အသိမဲ့ စကားတစ်ခု အလိုလိုပြောမိသည်။
“ဘာလဲ”
“မင်း သိပ်စိတ်အနှောင့်အယှက်ဖြစ်နေရင် မဖြူကို ငါလက်ထပ်လိုက်ရမလား။ ပြီးတော့ ခင်လေး ကို မင်းထပ်ကြိုးစားကြည့်ပေါ့”
“တော်တော့ကွာ ပေါ်ဦး၊ မင်းဒီအကြောင်း ငါ့ကို ဘာမှထပ်မပြောနဲ့တော့။ ငါ့အတွက်လည်း မင်း ဘာမှ စိတ်အပင်ပန်းခံပြီး တွေးမနေနဲ့၊ သွား ရေမိုးချိုးတော့”
ပေါ်ဦးက ကျွန်တော့်ကို စူးစူးစိုက်စိုက်လေး ကြည့်သည်။ ပြီးတော့ ပြုံးသည်။
“မင်းစိတ်ကို ငါချီးကျူးတယ် ထွန်းဝေ။ မပူနဲ့ကွာ၊ စိတ်ကောင်းရှိတဲ့လူဟာ ဘယ်တော့မှ စိတ်မဆင်းရဲရပါဘူး။ မင်းငါပြောတာ သေသေချာချာမှတ်ထား။ ငါပြောတာမှန်ရင် မင်းငါ့ကို အရှည်ကြီးဆိုင်မှာ လက်ဖက်ရည်တစ်ခွက်တိုက်”
ကျွန်တော် သူ့ကို မချိပြုံးဖြင့် ခေါင်းညိတ်ပြလိုက်၏။ ဘာအဓိပ္ပာယ်ကို သဘောတူကြောင်း ကိုယ့် ဘာသာကိုယ် ကောင်းကောင်း မဝေခွဲတတ်လိုက်။ တတီတီအော်နေသော ပုစဉ်းရင်ကွဲသံများကို အဆောင်အပေါ်ထပ်မှ ကြားနေရသည်။ တစ်ခါတစ်ခါ ပြည်လမ်းဘက်မှ ကားဟွန်းသံများကို ကြားရ၏။ အအေးငွေ့သည် မျက်နှာကို လာနမ်းသည်။ ဘယ်နှကြိမ်မြောက် ချမိမှန်းမသိသည့် သက်ပြင်း ကို မှုတ်ထုတ်လိုက်ပြီး အခန်းတွင်းသို့ ပြန်ဝင်လာခဲ့သည်။
အိပ်ရာပေါ်တွင် လှဲနေသော ပေါ်ဦးက -
“ထွန်းဝေ၊ သီချင်းသွားဆိုရအောင်”
နောက်ကျိနေသောစိတ်ကြောင့် ငြင်းလိုက်မည် စိတ်ကူးသေးသည်။ သို့သော် ဒီအတိုင်း ထိုင်နေရတာ ထက်စာလျှင် ဒါလေးက စိတ်ပြေလက်ပျောက် ဖြစ်နိုင်သည်ဟု တွေးမိ၍ -
“အေးကွာ . . . ကောင်းတယ်၊ ကျော်ညွန့်ကြီးလည်း သွားခေါ်မယ်။ ဒီညတစ်ညလုံး တို့သီချင်း လျှောက်ဆိုရအောင်၊ မအိပ်တော့ဘူး”
“ဖြစ်မလားကွ၊ မနက်ကျ သွားရဦးမှာ”
“ဟေ့ကောင် . . . ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရှည်မနေနဲ့။ သွားမယ် ဒီညဝအောင်ပျော်ပစ်မယ်”
“အမယ် . . . ငါ့သတို့သားက တယ်ဟုတ်ပါလား”
သူ့အပြောကြောင့် ကျွန်တော် ရယ်လိုက်၍ -
“ဟေ့ကောင်၊ ပေါက်ကရတွေ လာပြောမနေနဲ့။ လုပ် . . . ထ သွားမယ်”
ပေါ်ဦးက ကပျာကယာထ၍ သူ့လက်စွဲတော် အကော်ဒီယံကြီးကို ခုတင်အောက်က ဆွဲထုတ်သည်။ အငြိမ်မနေနိုင်သော ပါးစပ်ကလည်း -
“ထွန်းဝေတို့များ တယ်ကံကောင်း၊ မိန်းမရတာတောင် အဆစ်ကလေးနဲ့။ ဒီကြားထဲ နောက် တစ်ယောက်က ထပ်ဘုတ်ကင် လုပ်ထားသေးတယ်”
သူ့ပြက်လုံးကို ကျွန်တော်ပင် ဟန်မဆောင်နိုင်အောင် ရယ်လိုက်မိသည်။ ခေါင်းထဲတွင် ဖြစ်ပျက်သမျှအကြောင်း အကောင်းချည်းပဲဟု သဘောထားလိုက်၍လားမသိ။ စိတ်အဆွေးတို့သည် ခေါင်းထဲသို့ ပြန်မလာတော့။
နှစ်ယောက်သား အဆောင်ပေါ်မှဆင်းလာ၍ ကျော်ညွန့်အဆောင်ရှိရာ အရင်သွားသည်။ ကျော်ညွန့် ဘာမှန်းမသိ ညာမှန်းမသိ ထလိုက်လာ၏။
(ဆက်လက်ဖော်ပြပါမည်)