ဩဂုတ် ၂၆

ဖိလစ်ပိုင်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ သုံးဦးရှိလာကြောင်း ကျန်းမာရေးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနှစ်ဦးသည် မြို့တော်မနီလာမှ အသက် ၃၇ နှစ်နှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်သည်ဟု ကျန်းမာရေးဌာနပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အသက် ၃၇ နှစ်အရွယ်အမျိုးသားသည် လတ်တလောတွင် ဆေးရုံပေါ်၌ကန့်သတ်ထားပြီး အသက် ၃၂ နှစ်အရွယ်အမျိုးသားသည် အရေပြားနမူနာအတည်ပြုစစ်ဆေးမှုရလဒ်ကိုစောင့်ဆိုင်းရင်း နေအိမ်တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ မျောက်ကျောက်ရောဂါ  (Clade II ) အပျော့စား အမျိုးအစားဖြစ်သည်ဟု ၎င်းကဆိုသည်။

 ၂၀၂၄ ခုနှစ် လွန်ခဲ့သောသီတင်းပတ်က ပထမဆုံးမျောက်ကျောက်ရောဂါဖြစ်ပွားသူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ယခုမျောက်ကျောက်ရောဂါဖြစ်ပွားသူနှစ်ဦးတို့၏ဆက်စပ်မှုကို ကျန်းမာရေးဌာနအနေဖြင့် မဆုံးဖြတ်နိုင်သေးကြောင်း ၎င်းကပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစတင်ကာ ယခုအချိန်အထိ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၂ ဦး ရှိပြီဖြစ်ကြောင်းဖော်ပြထားသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားသူကိုးဦးသည် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာသည်ဟု သိရသည်။

မျောက်ကျောက်ရောဂါသည် ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သည်။ မျောက်ကျောက်ရောဂါ၏လက္ခဏာရပ်များသည် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ လက်ဖဝါးခြေဖဝါးတို့တွင် အဖုအပိမ့်များထွက်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်က ကြေညာထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို