ရန်ကုန် သြဂုတ် ၂၆ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်တော်ကြီးနှင့် ဝိဇယမင်္ဂလာဓမ္မသဘင်ခန်းမအဆင့်မြှင့် တင်မွမ်းမံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂) ရှင်းလင်းဆောင်၌ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်၊ ကျောင်းဆောင်ကြီး(၄)ဆောင်၊ သုံးထပ်ဆွမ်းစားဆောင်နှင့် ဝိဇယမင်္ဂ လာဓမ္မသဘင်ခန်းမ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို အဆောက်အဦအထူးအဖွဲ့(၂)၊ အဆောက်အဦဦးစီးဌာန တည်ဆောက်ရေး(၁)မှ ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သာသနိက အဆောက်အဦများကို အဆင့်မြှင့်တင်မွမ်းမံရာတွင် နိုင်ငံတော်မှချထား ပေးသည့်ဘတ်ဂျတ်နှင့် အပြီးသတ်ကောင်းမွန်စေရန် ဆောင်ရွက်ရန်လိုကြောင်း၊ လျှောက်လမ်းနှင့် ဘေးလှေကားတို့တွင် ကြွေပြားအစား Granite အစားထိုးခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ ဆရာတော်ကြီးများ ခြေချော်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်ရန်နှင့် သက်သောင့်သက်သာဖြစ်စေရန် စီမံဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် မဟာနာယကကျောင်းဆောင်တော်ကြီး အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်း ခွင်နေရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိဇယမင်္ဂလာဓမ္မသဘင်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို အသေးစိတ် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်