နေပြည်တော်၊ ဩဂုတ် ၂၆
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ ရောက်ရှိပြီး အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို စက်ရုံအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဉီးစွာ ဒုတိယဝန်ကြီးက အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သည် နိုင်ငံတော်အတွက် အဓိက လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် စက်ရုံတစ်ရုံဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းအပိုင်း (၂) နှင့် အပိုင်း (၃) တို့မှ ထွက်ရှိလာမည့် ကုန်ချောများသည်လည်း နိုင်ငံတော်၏ အခြေခံအဆောက်အဦများဖြစ်သည့် လမ်းတံတားစီမံကိန်းများနှင့် စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ် အသုံးပြုရမည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ သံနှင့် သံမဏိထုန်ကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့်အပြင် နိုင်ငံခြားငွေ သုံးစွဲရမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များနှင့် အတွေ့အကြုံကောင်းများကို လက်တွေ့ကျကျအသုံးချ၍ မိမိတို့စက်ရုံ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကြိုးပမ်းကြစေလိုကြောင်းမှာကြားသည်။
ဆက်လက်၍ စက်ရုံစားရိပ်သာခန်းမ၌ စက်ရုံမှူး အပါအဝင် အရာထမ်းများ၊ အမှုထမ်းများနှင့် တွေ့ဆုံ အားပေးစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံရှိ အလုပ်ရုံတစ်ခုချင်းအလိုက် စက်ပြန်လည် လည်ပတ်နိုင်ရေး စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


