နေပြည်တော်၊ ဩဂုတ် ၂၆

 

ပထမအကြိမ်မဲပေးမည့် လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေး PowerPoint အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ အပ်နှင်းသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) တွင် “ KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန် အကျုံးဝင်နိုင်သူများ ဖြစ်လာနိုင်၍ ၎င်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့ နှင့်ပတ်သက်၍ သိရှိအောင် ဆောင်ရွက်ပေးရန် ” လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကော်မရှင်ကဆောင်ရွက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေး PowerPoint ကို ယခုကဲ့သို့ ပေးအပ်ခြင်းဖြစ်ကြောင်း။

 

KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် မကြာခင် အသက် ၁၈ နှစ် ပြည့်မီ၍ ပထမအကြိမ် မဲပေးရမည့် လူငယ်မဲဆန္ဒရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ ပထမဆုံးအကြိမ် ဆန္ဒမဲပေးရာတွင် အခက်အခဲ မရှိစေရန်နှင့် နိုင်ငံအကျိုးအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်စေရန်ရည်ရွယ်၍ ရွေးကောက်ပွဲအသိပညာပေးခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ဒီမိုကရေစီစနစ်၏ အလေ့အကျင့်ကောင်းများကို သိရှိရန်လိုသည့်အတွက် မိမိတို့နိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို PowerPoint တွင် ကောက်နုတ်ဖော်ပြထားပါကြောင်း။

 

 

 

ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ / မရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများ / မရှိသူများ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများ၊ မဲပေးခွင့်ရရှိရန်အတွက် မဲစာရင်း၌ မိမိအမည် ပါဝင်အောင် ဆောင်ရွက်ရမည့်နည်းလမ်း၊ မပါဝင်သင့်သူများ ပါဝင်နေလျှင်၊ အချက်အလက်များ မှားယွင်းနေလျှင် မည်သို့ဆောင်ရွက်ရမည်၊ မည်ကဲ့သို့ မဲပေးရမည် စသည်ဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သိသင့် သိထိုက်သည်များကိုလည်း ဖော်ပြထားပါကြောင်း၊ ရွေးကောက်ပွဲအတွက် အရေးကြီးသည့် မဲဆန္ဒရှင် လူငယ်များ၏ နိုင်ငံသားအခွင့်အရေးဖြစ်သော မဲပေးခွင့် မဆုံးရှုံးရစေရန်၊ ဥပဒေနှင့်အညီ မဲပေးခွင့်ရရှိစေရန်၊ မဲပေးတတ်စေရေး ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲတွင် ပထမအကြိမ်မဲပေးရမည့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ရရှိပြီး နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးခွင့် မဆုံးရှုံးရစေရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူတစ်ဦးက KG + 12 ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေး PowerPoint နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက KG + 12 ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေး PowerPoint ကို အပ်နှင်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

 

 

သတင်းစဉ်