နေပြည်တော် သြဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် Buriram Chang Arena ၌ ကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံ အစည်းအဝေးကို တက်ရောက်သည်။
အဆိုပါအစည်းအဝေးကို ‘‘ ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင် ကူးပြောင်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများနှင့် + ၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင်ရွက်နေမှုများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးကြပြီး အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံ + ၃ နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်ပညာရေးစနစ် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန်နှင့် အာဆီယံနိုင်ငံများအားလုံးမှ နိုင်ငံအလိုက် ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ အဆိုပါအစည်းအဝေးမှ ပူးတွဲကြေညာချက် တစ်ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ (၇) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ အရှေ့အာရှ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံအလိုက် ဒစ်ဂျစ်တယ်ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများအကြား ဒစ်ဂျစ်တယ်ပညာရေးစနစ် ပူးပေါင်းဆောင်ရွက်မှုများကို အကြံပြုချက်များနှင့်အညီ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ယခု အစည်းအဝေးမှ ပူးတွဲကြေညာချက်တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
အစည်းအဝေးအပြီးတွင် အိမ်ရှင်ထိုင်းနိုင်ငံက ခင်းကျင်းပြသထားသော ပညာရေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်




