နေပြည်တော်၊ ဩဂုတ် (၂၆)
ဆေးဝါးစက်ရုံ (အင်ရောင်း) နှင့် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) တို့ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းသားသမီးများ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများနှင့် အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်နှင့် အခြေခံပညာအဆင့်တို့တွင် တက်ရောက်ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးစက်ရုံ (အင်ရောင်း) အနေဖြင့် ပြည်သူများအတွက် အခြေခံအကျဆုံး ဆေးဝါးများ အပါအဝင် ဆေးဝါးအမျိုးပေါင်း (၅၀) ကျော်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်လျက်ရှိကြောင်း၊ အိမ်သုံးပစ္စည်း စက်ရုံ (မင်းစု) အနေဖြင့် စတီးလ် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများနှင့် အဆင့်မြင့်ကုတင်များကို ထုတ်လုပ်၍ ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း။
စက်ရုံရေရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း၊ အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ဖြင့် လူမှုပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေပြီး အခြားအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)နှင့် အိမ်သုံးပစ္စည်း စက်ရုံ (မင်းစု) တို့ရှိ ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့်တို့တွင် တက်ရောက်ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီး (၃၂၆) ဦးအတွက် ငွေ ကျပ် (၄၈) သိန်း ကျော်တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ကျောက်ဆည်မြို့ရှိ အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး နိုင်ထရိုဂျင် ထုတ်သည့်အလုပ်ရုံ၊ ရေသန့်အလုပ်ရုံ၊ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် အလုပ်ရုံတို့ရှိ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် မြစ်သားမြို့နယ်ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) သို့ ရောက်ရှိပြီး စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထုတ်လုပ်သည့် ချည်များနှင့်ပတ်သက်၍ ချည်တစ်ပင်ချင်းစီ၏ ခိုင်အားကောင်းမွန်စေရန်နှင့် ချည်လုံး ညီညာမှု ရှိစေရေးတို့အတွက် အစဉ်တစိုက်လေ့လာပြီး သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းကောင်းမှ ကုန်ချောကောင်းမည်ဆိုသည့်အတိုင်း ကုန်ကြမ်းများ ဝယ်ယူသည့်အခါ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ကုန်ကြမ်းများကို စိစစ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကိုလည်း မြှင့်တင်ပေးရန်နှင့် စက်ပစ္စည်းကိရိယာများကိုလည်း လိုအပ်သည့် ချိန်ညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံနှင့် အရာထမ်းများအား တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ အဝတ်အထည် လိုအပ်ချက်များကိုလည်း တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် သုံးစွဲသူပြည်သူများ ကြိုက်နှစ်သက်သည့် အဆင်ဒီဇိုင်းဖြင့် အထည်များကို ရက်လုပ်ကြရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင်လည်း စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်




