နေပြည်တော်၊ ဩဂုတ် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော် (မန္တလေး) အား သွားရောက် ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်စွယ်တော်မြတ်စေတီတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မြတ်ဗုဒ္ဓ၏ လက်ဝဲအထက် စွယ်တော်ပွားကို ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်၍ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအားကြည့်ရှုကာ စေတီတော်မြတ်ကြီး အမြဲသန့်ရှင်းသာယာပြီး ကြည်ညိုဖွယ် ဖြစ်နေစေရေးအတွက် ဆောင်ရွက်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသကို ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးထံ အားဖြည့်ငှက်သိုက်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





